News

POST TYPE

NEWS

သာသနာရေးဝန်ကြီးကို ဆန္ဒပြပွဲ မဘသနှင့် မဆိုင်ဟု ထုတ်ပြန်
19-May-2017 tagged as မဘသ

နေပြည်တော်၊ မေ ၁၉

နေပြည်တော်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ဆန္ဒပြမည့် အစီအစဉ်မှာ နေပြည်တော် အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) နှင့် လုံးဝမသက်ဆိုင်ကြောင်း အဆိုပါအဖွဲ့က မေလ ၁၉ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။ 

ယင်းဆန္ဒပြပွဲတွင် လူအင်အား၊ ငွေအင်အား လုံးဝကူညီမည် မဟုတ်ကြောင်း အဆိုပါ မဘသအဖွဲ့မှ အတွင်းရေးမှူး ဘဒ္ဒန္တကိတ္တိသာရက မိန့်ကြားသည်။

“ဘာသာရေးကိစ္စကို အကြောင်းပြုပြီး ဖြစ်တတ်တဲ့ ဘယ်ကိစ္စမဆို မဘသ ခေါင်းပေါ်ပဲ ပုံချတက်လို့ ထုတ်ပြန်တာပါ။ ဆန္ဒပြတာက သူတို့အခွင်အရေးပဲလေ။ ဘာမှပြောစရာ မရှိဘူး” ဟု ဆရာတော်က မိန့်ကြားသည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဆန္ဒပြမည့်အဖွဲ့များ တည်းခိုမည်ဟု သတင်းထွက်ပေါ်နေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အဆိုပါေ ကျာင်းတိုက်များမှ ဆရာတော် များကိုယ်တိုင် မသိရှိသကဲ့သို့ သဘောတူထားခြင်းလည်း မရှိကြောင်း မဘသအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

သူရဦးအောင်ကိုအား လူအင်အား သုံးသောင်းခန့်ဖြင့် ဥတ္တရသီရီမြို့နယ်တွင် ဆန္ဒပြရန် မြန်မာဗုဒ္ဓဘာသာနိုးကြားရေးအသင်း (ရန်ကုန်) မှ ဦးကျော်မျိုးသက်က အဆိုပါ မြို့နယ်ရဲတပ်ဖွဲ့ထံတွင် မေလ ၁၆ ရက်နေ့က ခွင့်ပြုချက် လျှောက်ထားခဲ့သည်။

နေပြည်တော်တွင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ပြင်ဆင်နေသည့်ကာလ ဖြစ်သဖြင့် တည်ငြိမ်အေးချမ်းရေး အလွန်အရေးကြီးသည့်ကာလ ဖြစ်ကြောင်း၊ ယင်းသို့ အခြေအနေကြောင့်  လူသုံးရာခန့်ဖြင့်သာ ဆန္ဒပြရန် ညှိနှိုင်းရာ ဦးကျော်မျိုးသက်အဖွဲ့က အင်အား ၁၅၀ဝ၀ ခန့်ဖြင့် ပြမည်ဆိုသဖြင့် သဘောတူညီချက် မရခဲ့ကြောင်း ဥတ္တရသီရိခရိုင် အုပ်ချုပ်ရေးမှူးရုံးက မေလ ၁၈ ရက်နေ့က သတင်းထုတ်ပြန်သည်။

ပင်လုံညီလာခံ ကျင်းပရေးနှင့် အများပြည်သူဒေသ တည်ငြိမ် ငြိမ်းချမ်းရေးတို့အတွက် ဥပဒေနှင့်အညီ လုပ်ဆောင်မည် ဖြစ်ကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။