POST TYPE

NEWS

သူရဦးတင်ဦး ကျန်းမာရေး အခြေအနေ တိုးတက်၊ အနည်းဆုံးသုံးပတ် ဆေးရုံတွင် ကုသမှုခံရမည်
19-May-2017 tagged as ဦးတင်ဦး

ရန်ကုန်၊ မေ ၁၉

ဦးနှောက်ဘယ်ဘက်ခြမ်း သွေးကြောပိတ်ဆို့မှုကြောင့် လေဖြတ်ရောဂါ ခံစားနေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ နာယကဖြစ်သူ သူရဦးတင်ဦး၏ ကျန်းမာရေး အခြေအနေသည် ဆေးရုံကို ရောက်ရှိခဲ့သည့် ၃၆ နာရီအတွင်း တိုးတက်မှု ရှိလာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ဦးတင်ဦး၏ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်၍ မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီခွဲက ဆေးရုံအုပ်ကြီး၏ ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဆေးရုံရောက်ပြီး ၁၂ နာရီအချိန် ကြာပြီးတဲ့နောက်ပိုင်းတော့ သူဆီးသွားချင်တယ်လို့ ပြောလာနိုင်ပြီ။ ဒီနေ့မနက်လည်း သူလက်မြှောက်ပြပါဆိုရင် မြှောက်ပြနိုင်တယ်” ဟု ဒေါက်တာဒေါ်ဝင်းမင်းသစ်က ဆိုသည်။ 

သူရဦးတင်ဦးကို ဆေးရုံအုပ်ကြီး အပါအဝင် ဒုတိယဆေးရုံအုပ်နှင့် နှလုံး၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ ပါမောက္ခ အထူးကုဆရာဝန် ၁၅ ဦး ပါဝင်သည့် ဆေးကုသရေးကော်မတီ ဖွဲ့စည်းကုသလျက်ရှိပြီး လေဖြတ်သည့် ခန္ဓာကိုယ် ညာဘက်ခြမ်းသည် အနည်းငယ် လှုပ်ရှားလာနိုင်ပြီ ဖြစ်ကာ ဆရာဝန်များ၏ ပြောဆိုမှုများအပေါ် ပြန်လည်တုံ့ပြန်လာနိုင်ပြီ ဖြစ်ကြောင်း ဆရာဝန်ကြီးများက ပြောဆိုသည်။
 
အသက် ၉၂ အရွယ် ဦးတင်ဦးသည် မေလ ၁၇ ရက်နေ့ ည ၁၁ နာရီအချိန်တွင် နေအိမ်ရေချိုးခန်းအတွင်း လဲကျသတိလစ်ခဲ့ပြီး ကနဦးတွင် SSC ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့သေးကာ အဆိုပါ ဆေးရုံ၏ လွှဲပြောင်းမှုဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ မေလ ၁၈ ရက်၊ နံနက်အစောပိုင်းတွင် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
 
ဆရာဝန်များ၏ စစ်ဆေးတွေ့ရှိချက်အရ လဲကျခြင်းကြောင့် ဦးနှောက်သွေးကြော ပိတ်ဆို့ခဲ့ခြင်း မဟုတ်ဘဲ ဦးနှောက်သွေးကြော ပိတ်ဆို့ခြင်းကြောင့်သာ လဲကျခဲ့ခြင်း ဖြစ်သည်ဟု ဆေးရုံအုပ်ကြီး  ဒေါက်တာအေးကိုကိုက ဆိုသည်။

လဲကျခြင်းကြောင့် အရိုးများတွင် ဒဏ်ရာတစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ဆေးကုသမှုတွင် ပါဝင်ပြီး ကိုယ်တိုင်စစ်ဆေးခဲ့သည့် ရန်ကုန်ဆေးတက္ကသိုလ် (၁) မှ ပါမောက္ခ အရိုးအထူးကုပါရဂူ ဆရာဝန်ကြီး၏ ဆေးစစ်ချက်ကို ကိုးကား၍  ကုသမှုကော်မတီဝင် ဆရာဝန်များက ပြောဆိုသည်။ 

ဆေးရုံသို့ ရောက်ရှိစက လေဖြတ်သည့် ညာဘက်ခန္ဓာကိုယ် တစ်ခြမ်းသည် လုံးဝလှုပ်ရှားနိုင်ခြင်း မရှိသလို ကျန်ဘယ်ဘက်ခြမ်းသည်လည်း ၅၀ ရာခိုင်နှုန်းသာ လှုပ်ရှားနိုင်ခဲ့ပြီး ယခုအခါ အဆိုပါ ဘယ်ဘက်ခြမ်း အနေနှင့် ရာနှုန်းပြည့် လှုပ်ရှားနိုင်ပြီဖြစ်ကာ စကားလည်း အနည်းငယ် ပြောဆိုနိုင်ပြီ ဖြစ်ကြောင်း ပါမောက္ခ ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာဒေါ်ဝင်းမင်းသစ်က ပြောဆိုသည်။
 
အခြေအနေမှာ စိုးရိမ်စရာရှိ မရှိကိုမူ လေဖြတ်ဝေဒနာရှင် လူနာတို့အနေနှင့် အနည်းဆုံး တစ်ပတ်ကြာ စောင့်ကြည့်ပြီးမှသာ ပြောဆိုနိုင်မည်ဖြစ်ပြီး တစ်ပတ်အတွင်းတွင်မူ အသက်အန္တရာယ်ကို ဆရာဝန်များ အနေနှင့် အာမခံနိုင်မည် မဟုတ်ကြောင်း၊ လူနာ၏ ကျန်းမာရေး ကောင်းမွန်မှုကို အမှတ် ၁၅ မှတ် သတ်မှတ်ပါက ဦးတင်ဦး၏ အမှတ်သည် ၆ မှတ်ဝန်းကျင် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လေဖြတ်တယ်ဆိုတာမျိုးက ချက်ချင်းကြီးပဲ နတ်ရေကန်ထဲချသလို အခုဆေးကု အခုကောင်းတဲ့ဟာမျိုး မဟုတ်ဘူးပေါ့။ သူက အသက်ကလည်းကြီးပြီ ဆိုတော့ တဖြည်းဖြည်းလေး ကျွန်မတို့မှာ လုပ်ယူရမယ်” ဟု ၎င်းက ထပ်မံပြောဆိုသည်။

သူရဦးတင်ဦး အနေနှင့် အသက်အရွယ်ကြောင့် ကျန်းမာရေးချို့ယွင်းသည်မှလွဲ၍ မှတ်ဉာဏ်များ ကောင်းမွန်နေပြီး အားလုံးကို မှတ်မိနေကြောင်း ဆရာဝန်များက ဆိုသည်။

လေဖြတ်ရောဂါဝေဒနာရှင်များ အတွက် နိုင်ငံတကာဆေးရုံများတွင် ရရှိနိုင်သည့် ဆေးဝါးနှင့် ကုသမှုမျိုးကို မြန်မာနိုင်ငံတွင်လည်း ရရှိနိုင်သည်ဖြစ်ရာ လူနာအနေနှင့် ပြည်ပသို့ သွားရောက်ရန်မလိုဟု ၎င်းတို့က ဆိုသည်။ ဆရာဝန်များ၏ အဆိုအရ ဦးတင်ဦးအနေနှင့် အနည်းဆုံး သုံးပတ်ကြာသည်အထိ ဆေးရုံတွင် ဆေးကုသမှု ခံယူရမည် ဖြစ်သည်။