News

POST TYPE

NEWS

ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲများအတွက် ကမ္ဘောဇက ကျပ်သိန်း လေးထောင် ထောက်ပံ့မည်ဟုဆို
17-Aug-2016
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ယူ ၁၉ ဖိတ်ခေါ်ပြိုင်ပွဲနှင့် မလေးရှားနိုင်ငံတွင် ကျင်းပမည့် (၂၉)ကြိမ်မြောက် SEA Games ပြိုင် ပွဲအတွက် ပြင်ဆင်မည့် ယူ ၂၂ ဖိတ်ခေါ်ပြိုင်ပွဲအတွက်
ကမ္ဘောဇဘဏ်(KBZ Bank)က ကျပ်သိန်းလေးထောင် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးခန်း၌ ယနေ့(သြဂုတ် ၁၇ ရက်) ကျင်းပသည့် KBZ Bank U -19 Cup ပြိုင်ပွဲ အဓိကစပွန်ဆာအဖြစ် လက်မှတ်ရေးထိုးပွဲနှင့် သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဇဘဏ်အနေဖြင့် ယခုလ ၂၂ ရက်တွင် ကျင်းပမည့် ယူ-၁၉ လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို ငွေကျပ် သိန်းတစ်ထောင်နှင့် ယူ-၂၂ ဖိတ်ခေါ်ပြိုင်ပွဲအတွက် ငွေကျပ်သိန်းသုံးထောင် ထောက်ပံ့ပေးမည်ဖြစ်သည်ဟု ၎င်းကဆိုသည်။

ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာဘောလုံးလောကတိုးတက်လာစေရေးအတွက် ယခင်ကတည်းက နှစ်စဉ်ထောက်ပံ့ပေးမှုများပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ကူညီထောက်ပံ့ပေးခြင်းဖြင့် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း အောင်မြင်မှုရရှိစေရေးနှင့် လူငယ်မျိုးဆက်သစ်များပေါ်ထွက်လာစေရေးတို့ကို ရည်ရွယ်ကြောင်း KBZ Group ၏ မန်နေးဂျင်းဒါရိုက်တာ ဦးမိုးဆန်းအောင်က ပြောဆိုသည်။

ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပမည့် KBZ Bank U-19 Cup 2016 ပြိုင်ပွဲကို အိမ်ရှင် မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ဂျပန်ကလပ် ဆာပေါ်ရို ယူ-၁၈ အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ သြဂုတ် ၂၂ ရက်မှ ၂၈ ရက်ထိ ကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပထမဆု အမေရိကန်ဒေါ်လာ ၁၅ဝဝဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁ဝဝဝဝ၊ တတိယဆု အမေရိကန်ဒေါ်လာ ၅ဝဝဝ တို့ချီးမြှင့်သွားမည်ဖြစ်ပြီး မြဝတီရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်သွားမည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။ 


  • VIA