POST TYPE

NEWS

တနင်္သာရီ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် စဆောက်
19-May-2017 tagged as ထားဝယ်

မြိတ်၊ မေ ၁၈

မြိတ်ခရိုင်အတွင်း ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် တနင်္သာရီမြို့နယ်၏ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်ကို မေလ ၁၅ ရက်က စတင်ဆောက်လျက်ရှိကြောင်း ယင်းမြို့နယ် စာပေနှင့် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။

တည်ဆောက်မည့် ပြတိုက်အဆောက်အအုံသည် အလျား ပေ ၅ဝ၊ အကျယ် ပေ ၃၀ နှင့်အမြင့် ၁၅ ပေရှိ ကွန်ကရစ်တစ်ထပ် ဖြစ်သည်။

“ပြတိုက်ထဲမှာ ရှေးဟောင်းရွှေထည် ငွေထည် ဆင်းထုတော်တွေ တနင်္သာရီဒင်္ဂါး ၃၂ မျိုးနဲ့ ရှေးဟောင်းအသုံးအဆောင် ပစ္စည်းတွေကို ပြသထားပါမယ်” ဟု ဦးသန်းစိုးဝင်းက ပြောသည်။

ထို့ပြင် ပြတိုက်အပြင်ဘက်တွင် ရှေးဟောင်းဂဝံအုတ်၊ ကျောက်အုတ်နှင့် ပစ္စည်းအချို့ကို ပြသရန် ရည်ရွယ်ထားကြောင်း ဦးသန်းစိုးဝင်းက ဆိုသည်။

ပြတိုက်တည်ဆောက်ရန် စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၃၅၀ ခန့်မှန်းထားကြောင်း ကော်မတီမှ သိရသည်။

ကုန်ကျငွေများအနက် အလှူရှင်များထံမှ ၈၅ သိန်း ရရှိထားပြီးဖြစ်ကာ မြိတ်အများပိုင်ကုမ္ပဏီမှ ကျပ်သိန်း ၁၅၀ နှင့် ဦးကျောက်စိမ်း မိသားစုမှ ကျပ်သိန်း ၃၀ ကိုလှူဒါန်းမည်ဟု သိရသည်။

လိုအပ်သည်များကို တိုင်းဒေသကြီးအစိုးရမှ ကျခံသွားမည်ဟု ကော်မတီမှ သိရသည်။

Dawei Watch