News

POST TYPE

NEWS

ရွှေစင်ကျပ်သား ၅၀၀ ကျော် အကြွေးပေးရန် ရှိသည့် ကုမ္ပဏီငါးခုကို တရားစွဲမည်
19-May-2017 tagged as ရွှေ

ရန်ကုန်၊ မေ ၁၈

အစိုးရထံသို့ ရွှေစင်ကျပ်သား ၅၀၀ ကျော် အကြွေးပေးရန် ကျန်ရှိသည့် ကုမ္ပဏီငါးခုကို တရားစွဲမည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။

ယခင်အစိုးရလက်ထက် အဆက်ဆက်က အကြွေးပေးရန် ကျန်ရှိသည့် ကုမ္ပဏီများထံမှ ရွှေစင်ပေးရန် ညှိနှိုင်းလျက်ရှိပြီး သတ်မှတ်ရက်အတွင်း လာရောက်ပေးသွင်းခြင်း မရှိသောကြောင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အစိုးရသစ် မတက်ခင်တည်းက အကြွေးစာရင်းတွေရှင်းဖို့ လာပေးဖို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပြီ။ ဒါကို သူတို့ဘက်က မပေးလို့ တရားရင်ဆိုင်ရတာပါ။ အခုလည်း တရားစွဲထားပြီးတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ ထပ်ပြီးတော့လည်း စွဲဦးမှာပါ” ဟု ၎င်းက ဆိုသည်။

တပ်မတော်အစိုးရ လက်ထက်တွင် ရွှေလုပ်ကွက်များ ချပေးရာ၌ သုံးနှစ်စာချုပ် ချုပ်ဆိုကာ တစ်နှစ်လျှင် ရွှေစင် ၂၄ ကျပ်သား ဝန်ကြီးဌာနသို့ ပေးသွင်းရန် သဘောတူထားခဲ့ကြောင်း၊ နောက်ပိုင်းတွင် စာချုပ်ကတိပျက်ကာ အကြွေးကျန်မှု များပြားလာသောကြောင့် ၂၀၁၃ ခုနှစ်မှစ၍ တစ်နှစ် တစ်ကြိမ်သာ စာချုပ်ချုပ်ပြီး ဝန်ကြီးဌာနက ရွှေ ၂၄ ကျပ်သားကို ကြိုတင်ယူစနစ်ဖြင့် ရွှေလုပ်ကွက် ချပေးထားကြောင်း အမှတ် (၂) သတ္တုတွင်း ဦးစီးဌာနထံမှ သိရသည်။

ဝန်ကြီးဌာနက ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် ရွှေသတ္တု အသေးစားထုတ်လုပ်မှု လုပ်ငန်းအား စာချုပ်ချုပ်ဆို လုပ်ကိုင်ခဲ့ကြသည့် ကုမ္ပဏီများမှ လုပ်ငန်းသဘောတူ စာချုပ်အရ နိုင်ငံတော်သို့ ပေးသွင်းရမည့် ရွှေစင်များ ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီ ၁၇၀ ကို တရားစွဲဆိုသွားမည်ဟု ကြေညာခဲ့သော်လည်း ကုမ္ပဏီများမှာ လာရောက်ဆက်သွယ်မှု အားနည်းသောကြောင့် ယင်းကဲ့သို့ တရားစွဲဆိုခံရခြင်း ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင် ဦးကျော်မြင့်က ပြောဆိုသည်။

J-13