News

POST TYPE

NEWS

မွန်တွင် ရွာအထိဆင်းပြီး မိုးစပါးချေးငွေ ထုတ်ချေးမည်
မော်လမြိုင်၊ မေ ၁၈

မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ မိုးစပါးစိုက် တောင်သူများအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို ကျေးရွာများအထိ ဆင်းပြီး မေလ ၂၃ ရက်တွင် မြို့နယ်အလိုက် စတင်ထုတ်ချေးပေးမည် ဖြစ်သည်။

၂၀၁၇ ခုနှစ်အတွက် တစ်ဧက တစ်သိန်းခွဲနှုန်းဖြင့် မိုးစပါးစိုက်ဧက ၃ သိန်းကျော် (၃၀၉၉၃၉) အတွက် ငွေကျပ် ၄၆၄၉၀ ဒသမ ၈၅ သန်း ထုတ်ချေးပေးရန် လျာထားသည်ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ် ပြည်နယ်မန်နေဂျာ ဦးခင်မောင်စိုးက ပြောသည်။

“ဒီနှစ်မှာ ချေးငွေတွေကို ရွာအထိဆင်းပြီး လိုက်ချေးပေးမယ်၊ အရင်နှစ်တွေက ရုံးမှာပဲ ထုတ်ချေးပေးတယ်၊ မွန်ပြည်နယ်မှာ မိုးစပါးချေးငွေ အကြွေးကျန်တဲ့သူ မရှိဘူး” ဟု ၄င်းက ပြောသည်။

ချေးငွေထုတ်ချေးသည့် ကာလမှာ စက်တင်ဘာလထိ ဖြစ်ကြောင်း ပြည်နယ်မန်နေဂျာ ဦးခင်မောင်စိုးက ဆက်ပြောသည်။

ယခုနှစ်တွင်လည်း မိုးစပါး စိုက်ပျိုးချေးငွေအတိုးနှုန်းကို ယမန်နှစ်ကအတိုင်း ၈ ရာခိုင်နှုန်း ကောက်ခံသွားမည်ဟုလည်း ၄င်းက ပြောသည်။

“ဒီ့ထက် ပိုချေးပေးစေချင်တာပေါ့၊ ပြောရမယ်ဆိုရင် တစ်ဧက ၁ သိန်းခွဲက မလောက်ပါဘူး။ ဒါပေမယ့် တစ်ပြားမှ မရတာထက်စာရင် နဲနဲတော့ ကာမိတာပေါ့လေ။ နှစ်တိုင်းချေးတယ် ကျွန်တ်ာတို့က အချိန်မီလဲ ပြန်ဆပ်တယ်” ဟု ကျိုက်မရောမှ အသက် ၅၀ အရွယ် လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

မွန်ပြည်နယ်အတွက် စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ရမည့် နေ့ရက်အချိန် အတိအကျ သတ်မှတ်ထားခြင်း မရှိသော်လည်း ယင်းချေးငွေကို မိုးစပါးပေါ်ပြီး ရိတ်သိမ်းရောင်းချပြီးသည့် အချိန်တွင် ပြန်ဆပ်ရန် သတ်မှတ်ထားသည်ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ သိရသည်။

(ပုံစာ - လယ်ယာလုပ်ငန်းခွင်)
ဓာတ်ပုံ - ယဉ်စနိုင်း/ Dawei Watch

Dawei Watch