News

POST TYPE

NEWS

ကျိုင်းတုံတွင် အမျိုးသားတစ်ဦး ဖခင်အိမ် မီးရှို့ရာမှ နေအိမ်နှစ်လုံး မီးလောင်
19-May-2017 tagged as မီးလောင်မှု

ကျိုင်းတုံ၊ မေ ၁၉

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းပတ် (အထက်) ကျေးရွာအုပ်စု ပန်စိုးကျေးရွာတွင် မေလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်က အမျိုးသားတစ်ဦးက ဖခင်နေအိမ်ကို မီးရှို့ရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ကျိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနထံမှ သိရသည်။

အဆိုပါနေ့ရက်က ယင်းကျေးရွာနေ အမျိုးသားတစ်ဦးသည် ဖခင်နေအိမ်အတွင်းရှိ ဆိုင်ကယ်ပေါ်တွင် သက်ကယ်များတင်ပြီး မီးစတင်ရှို့ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် ပေ ၃၀xပေ၂၀ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံးနှင့် ၁၅ပေ ပတ်လည် သက်ကယ်မိုး၊ ဝါးခြမ်းကာ၊ ဝါးခြမ်းခင်း နေအိမ်တစ်လုံး အပါအဝင် ဆိုင်ကယ်တစ်စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း ယင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။

“သူ့အဖေအိမ်ကို ဘာလို့မီးရှို့တာလဲ ဆိုတာတော့ မသိဘူး။ အခုမီးလောင်တဲ့ အထဲမှာ မီးရှို့တဲ့ကောင်လေး အိမ်လည်း ပါသွားတယ်။ လူနဲ့တိရိစ္ဆာန် ထိခိုက်သေဆုံးမှု မရှိသလို အိမ်ဝိုင်းတွေက အလှမ်းဝေးလို့ အခြားအိမ်တွေကို မကူးဆက်တာ” ဟု ၎င်းက ဆိုသည်။

ယင်းမီးလောင်မှုဖြစ်စဉ်တွင် အသက်၂၉ နှစ်အရွယ် အားယာသည် ထွက်ပြေးတိမ်းရှောင်နေ၍ ဖမ်းဆီးရမိရန် ဆောင်ရွက်နေပြီး (ပ) ၇၉/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးသန်းထွန်းက ပြောကြားသည်။

R-16
ဓာတ်ပုံ - ATY