News

POST TYPE

NEWS

ခရီးသည်တင်ယာဉ် နှစ်စင်း တိုက်မိ၊ ၆ ဦး ဒဏ်ရာရ
တောင်ငူ၊ မေ ၁၉

ရန်ကုန်-မန္တလေး အမြန်လမ်း ကျောက်တံခါးမြို့နယ် မိုင်တိုင် ၅၂ အနီး နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည်တင် Express ယာဉ်နှစ်စင်း တိုက်မိရာမှ ဘုန်းတော်ကြီးတစ်ပါး အပါအဝင် အမျိုးသား ၆ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော်) ထံမှ စုံစမ်းသိရှိရသည်။

“ရွှေနတ်သားယာဉ်လိုင်းပိုင် ယာဉ်မောင်းက အိပ်ငိုက်ပြီး ရှေ့ကမောင်းနေတဲ့ ခရီးသည်တင်ယာဉ်ကို ဝင်တိုက်မိတာပါ။ ရွှေနတ်သားလိုင်းက ယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်နေပြီး ဒဏ်ရာရရှိတဲ့ ဘုန်းကြီးနဲ့ အမျိုးသားငါးဦးကို ပဲခူးဆေးရုံ ပို့ဆောင်ကုသပေးထားပါတယ်” ဟု ဘောနီအမြန်လမ်း ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

အဆိုပါနေ့ နံနက်၂ နာရီခွဲခန့် ဦးအောင်သူ (အသက်စုံစမ်းဆဲ) မောင်းနှင်လာပြီး ယာဉ်မောင်း အပါအဝင် ခရီးသည် ၁၈ ဦး လိုက်ပါလာသည့် ရွှေနတ်သား Express ယာဉ်သည် ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် မိုင်တိုင် ၅၂ အနီးသို့ ရောက်ရှိချိန် ရှေ့တွင်ရှိသော စိန်ကမ္ဘာ ငွေကမ္ဘာ ခရီးသည်တင်ယာဉ်ကို နောက်မှအရှိန်ဖြင့် တိုက်မိခြင်း ဖြစ်ကြောင်း၊ ယင်းမှတစ်ဆင့် လမ်းဘေးထိုးကျ ရပ်တန့်ခဲ့ခြင်း ဖြစ်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ယာဉ်တိုက်မှုကြောင့် စိန်ကမ္ဘာ ငွေကမ္ဘာယာဉ်နှင့် လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိခဲ့သော်လည်း ရွှေနတ်သား ယာဉ်လိုင်းပေါ် လိုက်ပါလာသူ ၁၈ ဦးအနက် သက်တော် ၃၈ နှစ်အရွယ် ဦးကုသလ၊ အသက်၂၁ နှစ်အရွယ် ဦးသော်ဇင်ဖြိုး၊ အသက် ၂၀ အရွယ် ဦးမျိုးသန့်ဇင်၊ အသက်၂၆ နှစ်အရွယ် ဦးဇော်နိုင်၊ အသက် ၂၈ နှစ် အရွယ်ရှိ ဦးဖြိုးကိုဝင်းနှင့် အသက်၂၂ နှစ်အရွယ် ဦးအောင်ကိုကိုတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဘောနီအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

ယင်းကြောင့် ရွှေနတ်သား ယာဉ်မောင်းဖြစ်သူ ဦးအောင်သူကို ဘောနီအမြန်လမ်း ရဲတပ်ဖွဲ့စခန်းမှ ယာဉ် (ပ) ၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၇ / ၃၃၈/၂၀၂ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-TTO
R-15