News

POST TYPE

NEWS

ပြုံးချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် မသွားရဇုန်ကို တောင်ကိုရီးယား ဖွင့်လှစ်ပေး
ပြုံးချမ်း၊ မေ ၁၉

တောင်ကိုရီးယား အစိုးရ အာဏာပိုင်များသည် ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ပြုံးချမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် မသွားရဇုန်ကို ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

တောင်ကိုရီးယား အာဏာပိုင်များသည် မြောက်ကိုရီးယား ကိုယ်စားပြု ကစားသမားများ ၎င်းတို့ထံသို့ လွယ်လင့်တကူ လာရောက်နိုင်စေရန် ယင်းမသွားရဇုန်ကို ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်ပြီး အားကစားနည်း အားလုံးတွင် မြောက်ကိုရီးယား အားကစားအဖွဲ့များ ပါဝင်ယှဉ်ပြိုင်နိုင်စေရန်အတွက် ၎င်းတို့အနေနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်းလည်း ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီ အကြီးအကဲတစ်ဦးဖြစ်သူ ဟီဗြောင်လီက ဖွင့်ဟအသိပေးထားသည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားအကြားရှိ မသွားရဇုန်သည် အကျယ်အဝန်းအားဖြင့် လေးကီလိုမီတာရှိပြီး လက်နက်ကိုင် အစောင့်အရှောက်များ အမြဲတစေ ထားရှိသော ယင်းနယ်မြေကို သာမန်ပြည်သူများ ဖြတ်သန်းသွားလာခွင့် မပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်သည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့သည် ကိုရီးယားစစ်ပွဲ ပြီးဆုံးသည့် ၁၉၅၃ ခုနှစ်တွင် နှစ်နိုင်ငံအကြား၌ မသွားရဇုန် သတ်မှတ်ကာ တစ်ဖက်နှင့်တစ်ဖက် လက်နက်ကိုင် အစောင့်အရှောက်များ ထားရှိလိုက်ခြင်း ဖြစ်ပြီး ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် အထူးကာလ သတ်မှတ်၍ တားမြစ်ဇုန်နယ်မြေ ဖွင့်ပေးလိုက်ခြင်းကို အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီကလည်း ကြိုဆိုသွားခဲ့သည်။

သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် ဟီဗြောင်လီက “တစ်ချို့သော အားကစားနည်းတွေမှာ မြောက်ကိုရီးယားက ခြေစစ်ပွဲတွေ၊ လက်ရည်စစ်ပွဲတွေ အောင်မြင်ခြင်း မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ကို အားကစားနည်း အားလုံးမှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရစေချင်ပါတယ်။ မြောက်ကိုရီးယားအတွက် အထူးကင်းလွတ်ခွင့်တစ်ရပ် ပေးအပ်နိုင်မလား ဆိုတာကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ပြိုင်ပွဲ ကျင်းပရေးကော်မတီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်နေပါပြီ” ဟု ပြောကြားသွားခဲ့သည်။