News

POST TYPE

NEWS

အမေရိကန် သံရုံးရှေ့ ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူများကို တရားစွဲဆို
17-Aug-2016
ကမာရွတ်မြို့နယ်၊ အမေရိကန်သံရုံးရှေ့တွင် ရခိုင်ပြည်နယ်မှ မွတ်ဆလင် အသိုင်းအဝိုင်းဟု ခေါ်ဝေါ်သုံးစွဲမှုကို လက်မခံနိုင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် အဖွဲ့မှ ဦးဆောင်သူများဖြစ်သော မကွေးဆရာတော် ဦးပါမောက္ခ အပါအဝင် ခုနစ်ဦးကို သြဂုတ်လ ၁၆ ရက် မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ်တရားရုံးတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရှိရသည်။ 

"ဆန္ဒထုတ်ဖော်ခွင့်ကို ဗိုလ်စိန်မှန်ကွင်းမှာ ခွင့်ပြုထားပေမယ့် အမေရိကန်သံရုံးရှေ့မှာ ခွင့်ပြုချက်နဲ့ မညီဘဲ လာရောက် ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ငြိမ်း၊စု၊စီ ပုဒ်မနဲ့ တရားစွဲတင်ခဲ့တာပါ" ဟု ကမာရွတ် မြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းဟန်က ပြောကြားသည်။

တရားစွဲဆိုခံရသူများမှာ မကွေးဆရာတော် ဦးပါမောက္ခ အပါအဝင် သံဃာ သုံးပါးနှင့် အမျိုးသားလေးဦးဖြစ်ပြီး ဧပြီလ ၂၈ ရက် နံနက်ပိုင်းက တက္ကသိုလ်ရိပ်သာလမ်းရှိ အမေရိကန်သံရုံးရှေ့တွင် လူအင်အား ၂၅၀ ခန့်ဖြင့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်အသိုင်းအဝိုင်းဟု ခေါ်ဝေါ်သုံးစွဲမှုကို လက်မခံနိုင်ကြောင်း ဗီနိုင်းဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်များအရ ကမာရွတ် မြို့မရဲစခန်းထံမှ သိရှိရသည်။ 

"သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ ဆန္ဒထုတ်ဖော်ခွင့်ပြုချက် ရရှိဖို့ လက်မှတ်ရေးထိုး တင်ပြခဲ့သူက ကျွန်တော်ပါ၊  အခု တရားစွဲဆို ခံရသူတွေထဲမှာ သံရုံးရှေ့တရားဟောခဲ့တဲ့ ဆရာတော်သုံးပါး ပါဝင်နေတယ်၊ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က ခွင့်ပြုချက်ပါ စည်းကမ်း ချိုးဖောက်တယ်လို့ ယူဆရင် ခွင့်ပြုချက်ရရှိဖို့ လက်မှတ်ရေးထိုးတင်ခဲ့သူ ကျွန်တော်တစ်ဦးတည်းကိုပဲ အရေးယူသင့်တယ်၊ တရားဟောခဲ့တဲ့ ဆရာတော်တွေနဲ့ ဒီအမှုသက်ဆိုင်မှု မရှိကြောင်း တရားရုံးမှာ ငြင်းချက်ထုတ် ရင်ဆိုင်ဖြေရှင်းသွားမယ်" ဟု ယင်းဆန္ဒထုတ် ဖော်မှုကို ဦးဆောင်ခဲ့သူ  ဦးဝင်းကိုကိုလတ်က ပြောကြားသည်။

အဆိုပါ တရားစွဲတင်မှုတွင် ကမာရွတ် မြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဟန်က တရားလိုပြု တရားစွဲဆိုခဲ့ပြီး တရားစွဲဆို ခံရသူများကို ကမာရွတ်မြို့နယ် တရားရုံးမှ အာမခံပေးခဲ့ပြီး ယင်းရုံးထုတ်မှုကို သံဃာတော်များနှင့် လူအများ လာရောက်ကြားနာခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။ 


  • VIA