News

POST TYPE

NEWS

ယခုနှစ်အတွင်း အခြားအကျဉ်းထောင်များမှ အင်းစိန်အကျဉ်းထောင်သို့ လွှဲပြောင်းကုသရသည့် အကျဉ်းသားလူနာ ၇၀ ခန့်ရှိ
17-Aug-2016
၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ မြန်မာနိုင်ငံအနှံ့ရှိ အကျဉ်းထောင်များမှ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟို အကျဉ်းထောင်သို့ ကျန်းမာရေးကုသမှု ခံယူရန် လွှဲပြောင်းပေးရသည့် အကျဉ်းသား ၇၀ ဦးခန့် ရှိကြောင်း အကျဉ်းဦးစီးဌာန (ရန်ကုန်)ထံမှ သိရသည်။

"တခြားအကျဉ်းထောင်တွေက အဲဒီပြည်နယ်နဲ့ တိုင်းဒေသကြီးတွေက ဆေးရုံတွေမှာ ကုသလို့မရတော့ဘူး။ ကုသပေးဖို့အတွက် စက်ပစ္စည်းတွေ မပြည့်စုံဘူးဆိုရင် ဒီကိုလွှဲပြောင်း ပို့ပေးပါတယ်"ဟု အင်းစိန်ဗဟို အကျဉ်းထောင်၏ တာဝန်ခံ အရာရှိဖြစ်သူနှင့် အကျဉ်းဦးစီးဌာန(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောကြားသည်။

မန္တလေး၊ ပုသိမ်နှင့် အနယ်အရပ်ရပ်ရှိ အကျဉ်းထောင်များမှ ကျန်းမာရေး လိုအပ်ချက်အရ ကုသမှုခံယူရန် လွှဲပြောင်းလာသည့် အကျဉ်းသားများကို အင်းစိန်ဗဟို အကျဉ်းထောင်ရှိ ခုတင် ၅၀ ဆံ့ ဆေးရုံက ဦးစွာ ကုသပေးပြီး ထပ်မံ၍ လွှဲပြောင်းကုသခံရန် လိုအပ်ပါက ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၊ အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးနှင့် သက်ဆိုင်ရာ အခြားဆေးရုံကြီးများသို့ ပို့ဆောင်ကုသစေကြောင်း အကျဉ်းဦးစီးဌာန(ရန်ကုန်)ထံမှ သိရသည်။

လွှဲပြောင်းကုသခံယူနေသည့် အကျဉ်းသားများမှာ အမျိုးသား ၆၀ ဦးနှင့် အမျိုးသမီး ၁၀ ဦးခန့်ဖြစ်ပြီး အဖြစ်အများဆုံး ရောဂါများမှာ ကင်ဆာရောဂါ၊ စိတ်ရောဂါနှင့် ပတ်သက်သည့် လူနာ၊ သွေးနှင့် ဆက်နွှယ်သည့် ရောဂါတို့ဖြစ်ကာ ရောဂါ သက်သာလာသည်အထိ သက်ဆိုင်ရာ ဆေးရုံကြီးများတွင် ကုသမှုပေးပြီးမှသာ သက်ဆိုင်ရာ အကျဉ်းထောင်များသို့ ပြန်လည် လွှဲပြောင်းပေးကြောင်း  အင်းစိန်ဗဟိုအကျဉ်းထောင်ထံမှ သိရသည်။ 

"ဒီက ဆေးရုံကြီးတွေကလည်း ကျွန်တော်တို့ဆီက အဝင်ပြပြီး လွှဲပြောင်းပေးတော့မှ လက်ခံသလို အဲဒီလူနာတွေကို ဆေးရုံက လုံခြုံရေး အစောင့်တွေနဲ့တွဲပေးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး တာဝန်ယူ စောင့်ပေးပါတယ်" ဟု ဦးမျိုးဦးက ရှင်းပြသည်။

အင်းစိန်ဗဟိုအကျဉ်းထောင်၌ အကျဉ်းသားများ အကျဉ်းထောင်သို့ စတင်ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် အကျဉ်းထောင်မှ ဆရာဝန်တစ်ဦးနှင့် ကျန်းမာရေးမှူး တစ်ဦးတို့က အကျဉ်းသားများ၏ ကျန်းမာရေးအခြေအနေမှန်ကို ပုံမှန် စစ်ဆေးပေးလျက်ရှိကြောင်း အကျဉ်းဦးစီးဌာန(ရန်ကုန်)ထံမှ သိရသည်။


  • VIA