News

POST TYPE

NEWS

NLD နာယက ဦးတင်ဦး သတိပြန်ရ
18-May-2017 tagged as ဦးတင်ဦး NLD

ရန်ကုန်၊ မေ ၁၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးတင်ဦးသည် မေလ ၁၇ ရက်နေ့ ညပိုင်းက နေအိမ်ရေချိုးခန်းတွင် ချော်လဲပြီး သတိလစ်သွားရာမှ လက်ရှိအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရပြီး သတိပြန်လည်ရရှိပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်း NLD ပါတီ ဥက္ကဋ္ဌထံမှ သိရသည်။ 

“ကျန်းမာရေး အခြေအနေကတော့ နည်းနည်းတိုးတက်လာပါတယ်။ သတိတွေဘာတွေ ရနေပါပြီ။ ဒါပေမဲ့ စကားတော့ မပြောသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောဆိုသည်။

ဦးတင်ဦးသည် မေလ ၁၇ ရက်နေ့ ည ၁၂ နာရီခန့်က နေအိမ်ရေချိုးခန်းတွင် ချော်လဲပြီး သတိလစ်သွားသောကြောင့် ရွှေဂုံတိုင် SSC ဆေးရုံတွင် ဆေးကုသခံယူခဲ့ပြီး ယင်းမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ် ကုသဆောင်သို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူနေခြင်းလည်း ဖြစ်သည်။

“ကျွန်တော်သိရတာကတော့ ရေချိုးခန်းထဲလဲတယ်။ လဲကျလို့ သတိမေ့သွားတာလား။ သတိမေ့လို့ လဲကျသွားသလား မသိဘူး” ဟု NLD ပါတီ CEC အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဆိုသည်။

လက်ရှိ၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် NLD နာယက ဦးတင်ဦး၏ဇနီး အပါအဝင် မိသားစုဝင်များနှင့် NLD ပါတီဝင်များက အနီးကပ် အခြေအနေများကို စောင့်ကြည့်နေကြသည်။

J-09