News

POST TYPE

NEWS

အမှိုက်စနစ်တကျစွန့်ပစ်ရေး ပုဂ္ဂလိကကျောင်းများတွင်လည်း တိုးချဲ့ဆောင်ရွက်မည်
စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် ရေမြောင်းများ ပိတ်ဆို့ကာ ရေကြီး၊ ရေလျှံမှုများ ရှိနေဆဲဖြစ်ရာ မန္တလေးမြို့တော်ရှိ အစိုးရ ပညာသင်ကျောင်းများသာမက ပုဂ္ဂလိက ကျောင်းများတွင်လည်း ပညာပေးခြင်းများနှင့် အမှိုက်ပုံးချထားပေးခြင်းများကို တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှ စတင်ကာ မန္တလေးမြို့တော်အတွင်းရှိ အခြေခံပညာ စာသင်ကျောင်းများတွင် စနစ်တကျ အမှိုက်စွန့်ပစ်ရန် ပြန်လည်အသုံးပြုရသည့် အမှိုက်နှင့် အသုံးပြုမရသည့် အမှိုက်စွန့်ပစ်ရန် စသည်ဖြင့် အမျိုးအစားလိုက် ထားပေးနေပြီး လက်ရှိတွင် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင်လည်း ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

"မန္တလေး ၆ မြို့နယ်မှာတော့ လုပ်နေတာတော့ ကြာပါပြီ။ တစ်ကျောင်းကို အမှိုက်ပုံး ငါးလုံးတစ်စုံလိုက် ပေးထားတယ်။ စနစ်တကျ စွန့်ပစ်အောင် အသိပေးတာတွေ လုပ်တယ်။ ကျွန်တော်တို့ ပြန်သွားသိမ်းရင်တော့ ရောနှောပြီးပဲ ပြန်သိမ်းဖြစ်တယ်" ဟု သန့်ရှင်းရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြန်လည်အသုံးပြုရသည့် အမှိုက်များမှာ ပြန်လည်သိမ်းဆည်းရာတွင် မပါဝင်ဘဲ အများစုမှာ ရောင်းစားရန် ယူထားလေ့ရှိကြကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

"ပတ်ဝန်းကျင် မညစ်ညမ်းအောင် အမှိုက်စွန့်ပစ်တာတွေ ဖြေရှင်းဖို့က ပညာရေးကနေ စမှပဲရမယ်။ အခုကျောင်းတွေမှာလည်း သင်ရိုးညွှန်တမ်းအနေနဲ့ ထည့်နိုင်ဖို့ လုပ်နေကြတယ်။ ကလေးတွေကလည်း ကာယလိုအချိန်မျိုး အပင်စိုက်၊ အမှိုက်ကောက်တာကျတော့ သစ်ရွက်ဆို မြေဆွေးအဖြစ် ပြန်သုံးတာမျိုးတွေ သိအောင်လုပ်နေတယ်" ဟု မန္တလေးမြို့ အမှတ် ၂၆ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါက်တာသန်းထိုက်စိုးက ပြောသည်။

အဆိုပါကျောင်းမှာ လက်ရှိတွင် ဂျပန်နိုင်ငံ မူလတန်းကျောင်းတစ်ခုနှင့် ညီအစ်မ ကျောင်းအဖြစ် ပြုလုပ်ထားပြီး ဂျပန်နည်းပညာ အကူအညီဖြင့် အမှိုက်များကို ပြန်လည်အသုံးပြုရသည့် နည်းလမ်းများဖြင့် လုပ်ဆောင်နေမှုများ ရှိနေကြောင်း ၎င်းထံမှ စုံစမ်းသိရှိရသည်။

လက်ရှိ မန္တလေးမြို့တော်ရှိ အထက်တန်းကျောင်းနှင့် အလယ်တန်းကျောင်း စုစုပေါင်း ၇၀ ကျော်တွင် အမှိုက်ပုံးများ ငါးလုံးတစ်စုံဖြင့် မြို့တော် စည်ပင်သာယာရေးကော်မတီက ချထားပေးထားပြီး နေ့စဉ် အမှိုက်တန်ချိန် ၈၀၀ မှ ၉၀၀ကြား ထွက်ရှိနေကြောင်း မန္တလေးမြို့ တော် စည်ပင်သာယာရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။