News

POST TYPE

NEWS

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့၌ လုပ်ငန်းရှင်များ ပါဝင်၊ စာရေးဆရာ မောင်သွေးချွန်က ဥက္ကဋ္ဌ၊ ဦးစိုးထွန်းရှိန်က အတွင်းရေးမှူး တာဝန်ယူမည်
17-May-2017 tagged as မဘသ

ရန်ကုန်၊ မေ ၁၇

ဥပဒေကြောင်းအရ တုံ့ပြန်ရန် လိုအပ်ပါက မဘသအဖွဲ့ ကိုယ်စား လုပ်ဆောင်သွားမည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအဖွဲ့၌ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမျိုးသားရေး လှုပ်ရှားသူများ ပါဝင်ကြောင်း မဘသအဖွဲ့ထံမှ သိရသည်။

အဖွဲ့၏ဥက္ကဋ္ဌအဖြစ် စာရေးဆရာ မောင်သွေးချွန် (အမျိုးသားရေး စာပေများ ရေးသားသူ)၊ အတွင်းရေးမှူးအဖြစ် စီးပွားရေး လုပ်ငန်းရှင် ဦးစိုးထွန်းရှိန် အပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည်။

“မောင်သွေးချွန်က ဥက္ကဋ္ဌဖြစ်တယ်။ အတွင်းရေးမှူး အဖွဲ့ထဲမှာဆိုရင် ဦးပဉ္ဇင်းတို့ ကောင်းကောင်း မသိဘူး။ ကိုစိုးထွန်းရှိန်တစ်ယောက်တော့ သိတယ်။ ကျန်တာ အမျိုးသားရေးသမားတွေရှိတယ်။ ကျန်တာ ဦးစိုးထွန်းရှိန်တို့နဲ့ ပတ်သက်တဲ့ စီးပွားရေးသမားတွေလည်း ပါကောင်းပါနိုင်တယ်”ဟု မဘသအဖွဲ့ ဗဟိုဦးဆောင်ဆရာတော် ဒေါက်တာ အရှင်သောပါက က မိန့်ကြားသည်။

ယင်းအဖွဲ့မှာ မဘသအဖွဲ့၏ ဂုဏ်သိက္ခာ၊ ဘာသာ သာသနာ၏ ဂုဏ်သိက္ခာတို့ကို ဥပဒေပြင်ပ ပြောဆိုချက်များအား ဥပဒေနှင့်အညီ တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတ အဖွဲ့ကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၉ ရက်၌ ဖွဲ့စည်းခဲ့သည်။

ထို့အတူ မဘသအဖွဲ့၏ လေးနှစ်ပြည့် ညီလာခံ၌ ဝံသာနုရက္ခိတအဖွဲ့မှ တစ်မြို့နယ်လျှင် သုံးဦးနှုန်း တက်ရောက်သွားမည်ဖြစ်ပြီး ညီလာခံကို မေလ ၂၇၊ ၂၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် အောင်ဆန်းတောရ တပ်ဦးကျောင်း၌ ကျင်းပသွားမည်ဖြစ်သည်။

J-07