POST TYPE

NEWS

လမ်းအသုံးပြုခ ပိုကောက်ပါက လုပ်ကိုင်ခွင့် ရုပ်သိမ်းမည်
16-May-2017 tagged as မန္တလေး


မန္တလေး၊ မေ ၁၆

မန္တလေးမြို့ အဝင် အထွက် ဂိတ်များမှနေ၍ လမ်းအသုံးပြုခ ကောက်ခံခွင့် ရရှိထားသူများအနေနှင့် ငွေကြေး ပိုမို ကောက်ခံပါက လုပ်ကိုင်ခွင့် ပြန်လည် ရုပ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများက ပြောကြားသည်။

မြို့အဝင်အထွက် နေရာများရှိ လမ်း အသုံးပြုခ ကောက်ခံရေးဂိတ် လေးခုနှင့်ပတ်သက်၍ တိုင်ကြားမှုများ ရှိနေကြောင်း၊ ယင်းကြောင့် လေလံ အောင်မြင်ထားသူများ၊ လေလံ အောင်မြင်ထားသူများထံမှတစ်ဆင့် ငှားရမ်း လုပ်ကိုင်နေသူများကို ခေါ်ယူတွေ့ဆုံရန်ရှိကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောကြားသည်။

“ဂိတ်တွေမှာ ကောက်ခံရမယ့်နှုန်းထားတွေကို ထုတ်ပြန် ကြေညာထားပြီးဖြစ်သလို လုပ်ကိုင်ခွင့် ရထားသူတွေကိုလည်း သေချာ မှာကြားထားပြီး ဖြစ်ပါတယ်။ မြို့တော်ဝန်နဲ့တကွ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီဂိတ်လေးခုကို ရှောင်တခင် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတော့ တိုင်ကြားမှုတွေလည်း  ရှိနေပါတယ်။ ဒီ့အတွက် သူတို့ကို ကနဦးအနေနဲ့ သတိပေးမယ်။ ထပ်ပြီး စည်းကမ်းဖောက်ရင်တော့ ဒဏ်ငွေတွေ လာမယ်၊ နောက်ဆုံးအဆင့် အနေနဲ့ လုပ်ကိုင်ခွင့်လိုင်စင်ပါ ပြန်သိမ်းမယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနှင့် အခွင့်အရေး လုပ်ငန်းလိုင်စင်များ ချထားပေးခဲ့ပြီးဖြစ်ရာ လေလံအောင်မြင်ထားသူများနှင့် မေလဆန်းက တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း လမ်းအသုံးပြုခ ပိုမိုကောက်ခံခြင်းနှင့်ပတ်သက်၍ တိုင်ကြားမှု များလာသည့်အတွက် ယင်းသို့ စီစဉ်နေခြင်းဖြစ်သည်။

“မန္တလေးမြို့ အဝင်အထွက် ဂိတ် လေးခုထဲ တစ်ခုက တော်တော်ဆိုးတယ်။ ဝန်ထမ်းတွေရဲ့ ပြောဆိုဆက်ဆံရေးကလည်း ညံ့တယ်။ တစ်တန်ကို သတ်မှတ်နှုန်းထား ၁၅၀ (ကျပ်) ဆိုပေမယ့် ၂၀ဝ အထိ ကောက်တာမျိုးတွေ ရှိတယ်”ဟု မန္တလေး-မူဆယ် ကုန်တင်ယာဉ်မောင်း ဦးကြည်လင်းက ပြောကြားသည်။

မန္တလေးမြို့ အဝင်အထွက် ဂိတ်များဖြစ်သည့် ရွှေကျင်၊ အောင်ပင်လယ်၊ ထုံးဘို-မြစ်ငယ်နှင့် ရွှေကြက်ယက်ဂိတ်တို့ကို လုပ်ငန်းရှင် တစ်ဦးတည်းက ကျပ်သန်း ၁၄,ဝ၁၀ ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် လမ်းအသုံးပြုခ ကောက်ခံခွင့် လေလံအောင်ခဲ့ကြောင်း၊ လမ်းအသုံးပြုခ ကောက်ခံရမည့် နှုန်းထားများ အနေနှင့် ယာဉ်-ကုန် အလေးချိန် တန် (၂၀) ထိ အထွက် တစ်တန်လျှင် ၁၅၀ ကျပ်၊ ယာဉ်- ကုန်အလေးချိန် တန်(၂၀) အထက်ပိုသော ယာဉ်များအတွက် တစ်တန်လျှင် ၃၀ဝ ကျပ် ကောက်ခံရန် သတ်မှတ်ထားကြောင်း၊ သတ်မှတ်နှုန်းထားထက် ပိုမို ကောက်ခံပါက တိုင်ကြားနိုင်ကြောင်း မန္တလးမြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

M-03