News

POST TYPE

NEWS

မဘသအဖွဲ့ကိုယ်စား ဥပဒေကြောင်းအရ တုံ့ပြန်ရန်အဖွဲ့ ဖွဲ့စည်း
16-May-2017 tagged as မဘသ


အင်းစိန်မြို့နယ် ရွာမပရိယတ္တိ စာသင်တိုက်၌ မေလ ၁၆ ရက်က ပြုလုပ်သော မဘသ ဗဟို သတင်းစာရှင်းလင်းပွဲတွင် မဘသအဖွဲ့မှ ဆရာတော်များ ရှင်းလင်းပြောကြားစဉ်။

ရန်ကုန်၊ မေ ၁၆

မဘသအဖွဲ့အပေါ်  ဥပဒေပြင်ပ ပြုမူ ပြောဆိုချက်များကို ကိုယ်စားပြု၍ ဥပဒေအရ တုံ့ပြန်မှု ပြုလုပ်သွားရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့ကို ဖွဲ့စည်းထားကြောင်း အဆိုပါအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်က ပြောကြားသည်။

“အနာဂတ်မှာ ကျွန်တော်တို့အဖွဲ့ရဲ့ ဂုဏ်သိက္ခာ၊ ဘာသာ သာသနာ ဂုဏ်သိက္ခာတို့ကို ဥပဒေပြင်ပ တစ်ခုခု ပြုမူပြောဆိုချက် မှန်သမျှကို ဥပဒေနဲ့အညီ ပြန်လည် တုံ့ပြန်သွားဖို့ အစီအစဉ် ဆွဲထားတယ်”ဟု ၎င်းက ရှင်းပြသည်။

မေလ ၁၆ ရက်က အင်းစိန်မြို့နယ် ရွာမ ပရိယတ္တိ စာသင်တိုက်၌ ပြုလုပ်သော မဘသ ဗဟို သတင်းစာ ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

မဘသအဖွဲ့မှဦးစီး၍ အဆိုပါ မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနု ရက္ခိတအဖွဲ့ကို ဧပြီလ ၂၉ ရက်၌ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့ သတင်းစာ ရှင်းလင်းပွဲမှသာ တရားဝင် ထုတ်ဖော် ပြောကြားခြင်း ဖြစ်သည်။

အဆိုပါအဖွဲ့မှာ သာသနာရေးနှင့် ပညာရေးကို တည်ဆဲဥပဒေဘောင် အတွင်းမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတော် တည်ငြိမ်မှုကို ပျက်ပြားစေမည့် မည်သည့် အကြမ်းဖက်မှု၊ ဆူပူမှု၊ ဥပဒေ ချိုးဖောက်မှုများကိုမျှ အားမပေးဘဲ ဖြစ်ပွားခဲ့လျှင် တတ်နိုင်သမျှ တားဆီးကာကွယ် ထိန်းသိမ်း၍ နိုင်ငံတော် တည်ဆောက်ရေးကို ပံ့ပိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ရပ်တည်ချက် ထုတ်ပြန်ခဲ့သည်။

အလားတူ မဘသ ဗဟိုဦးဆောင် ဆရာတော်တစ်ပါးဖြစ်သော ဦးဝီရသူ၏ ပြောဆိုချက်များမှာ မဘသအဖွဲ့နှင့် သက်ဆိုင်မှုမရှိဘဲ ဦးဝီရသူနှင့်သာ သက်ဆိုင်ကြောင်း မဘသအဖွဲ့ ဗဟို ဦးဆောင်ဆရာတော် ဒေါက်တာသောပါကမှ သတင်းစာ ရှင်းလင်းပွဲ၌ မိန့်ကြားခဲ့သည်။

“ဦးဝီရသူရဲ့ ထုတ်ပြန်ချက်တွေ ပြောဆိုချက်တွေက သူ၏ သဘောထားတွေသာဖြစ်တယ်။ မဘသအဖွဲ့ရဲ့ သဘောထားတွေ မဟုတ်ဘူး”ဟု ဒေါက်တာ သောပါကက ဆက်လက် မိန့်သည်။

ထို့အတူ သာကေတမြို့နယ်နှင့် မင်္ဂလာတောင်ညွှန့်မြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် မဘသအဖွဲ့မှ လမ်းညွှန် ဆောင်ရွက်စေခိုင်းခြင်း မရှိကြောင်း၊ အလားတူ အခြားသော အမျိုးသားရေး ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်း အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိကြောင်း မဘသ ဆရာတော်များက ဆိုသည်။ 

J-07