News

POST TYPE

NEWS

ကံပေါက် အရန်မီးသတ်ရုံးတွင် မူးယစ်ဆေးမိ
16-May-2017 tagged as ထားဝယ်

ထားဝယ်၊ မေ ၁၆

ထားဝယ်ခရိုင် ကံပေါက်ရွာရှိ အရန်မီးသတ်တပ်ဖွဲ့ရုံး အပေါ်ထပ်တွင် မေလ ၁၄ ရက် ည ၈ နာရီခန့်က WY စိတ်ကြွဆေးပြား ၄၀ ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

မူးယစ်ဆေး ဖမ်းဆီးရာမှ ကွင်းဆက်တရားခံအဖြစ် ကံပေါက်ရွာ အရန် မီးသတ်တပ်ဖွဲ့ရုံး အပေါ်ထပ်တွင် နေထိုင်သည့် အရန်မီးသတ်တပ်ခွဲမှူး၏ သားဖြစ်သူ အသက် ၁၈ နှစ်အရွယ် အမျိုးသားထံမှ WY စိတ်ကြွဆေးပြား ၄၁ ပြား ဖမ်းမိခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

မေလ ၁၄ ရက် ညနေပိုင်းတွင် စိတ်ကြွဆေးပြား ၈ ပြားဖြင့် ဖမ်းမိသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂၃ နှစ်အရွယ် အမျိုးသားတို့ကို စစ်ဆေးရာမှ စိတ်ကြွဆေးပြား ရောင်းချနေသည့် အဆိုပါ အမျိုးသားကို ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

“သူ့အဖေက ဒီက အရန်မီးသတ် တပ်ခွဲမှူးလေ၊ သူ့အဖေက တပ်ခွဲမှူးဆိုတော့ အဲဒီရုံးအပေါ်ထပ်မှာ ဘယ်သူမှမရှိတော့ လာပြီး အိပ်တာပါ၊ ဒီကောင်လေးက အရန်မီးသတ်တော့ မဟုတ်ပါဘူး”ဟု ကံပေါက်နယ်မြေ စခန်းမှူးက ပြောသည်။

အဆိုပါ အမျိုးသားကို ဆက်လက်စစ်ဆေးရာ ၎င်းကို မူးယစ်ဆေးရောင်းချသူ ကံပေါက်ရွာ မဂ္ဂင်ရပ်ကွက်နေ အသက် ၂၈ နှစ်အရွယ် အမျိုးသားကို သွားရောက် ဖမ်းဆီးသော်လည်း ထွက်ပြေး တိမ်းရှောင်သွားကြောင်း တိုင်းရဲမှတ်တမ်းအရ သိရသည်။

အမှုမှ ဖမ်းမိသူများကို မယ(ပ)၂/ ၂၀၁၇၊ မူးယစ်ပုဒ်မ - ၁၅/ ၁၉(က)/ ၂၁ ဖြင့် အမှုဖွင့်ထားကြောင်း ကံပေါက် နယ်မြေ ရဲစခန်းထံမှ သိရသည်။

Dawei Watch