News

POST TYPE

NEWS

တမူးမြို့တွင် ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်
16-May-2017 tagged as တမူး

ကလေး၊ မေ ၁၆

မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်း တမူးမြို့အတွင်းရှိ လူနေအိမ်များအနီးတွင် တစ်ညအတွင်း ပေါက်ကွဲမှုနှစ်ကြိမ် ဆက်တိုက်ဖြစ်ခဲ့ကြောင်း တမူးမြို့မ ရဲစခန်းထံမှ သိရသည်။

ပေါက်ကွဲမှုသည် မေလ ၁၆ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၄၀ တွင် တစ်ကြိမ်နှင့် နံနက်၂ နာရီ မိနစ် ၅၀ တွင် တစ်ကြိမ် ဆက်တိုက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲသည့်နေရာသည် တမူးမြို့ ဈေးတန်း (၁၀) ရပ်ကွက် အတွင်းရှိ နေအိမ်အချို့၏ ခြံစည်းရိုးနှင့် ခြံမျက်နှာစာရှေ့တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ပေါက်ကွဲမှုကြောင့် လူများထိခိုက်ဒဏ်ရာ ရရှိခြင်း သေဆုံးခြင်း မရှိသော်လည်း ခြံစည်းရိုးအဖြစ် ကာရံထားသည့် သွပ်ချပ်ပေါင်း ၁၂ ချပ်ခန့် ပျက်စီးခဲ့ကြောင်း တမူးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်ထွန်းက ပြောကြားသည်။
“လောလောဆယ် ခန့်မှန်းထားတာကတော့ လက်လုပ်မိုင်း ပေါက်ကွဲခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ ဒေသန္တရ လက်လုပ်မိုင်း” ဟု ၎င်းက ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းမှုများ ပြုလုပ်နေဆဲ ဖြစ်ကာ တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ - Myint Zaw

R-20