News

POST TYPE

NEWS

လေးလအတွင်း ပြည်ပသို့ ကျောက်စိမ်းအရိုင်းနှင့် လက်ဝတ်ရတနာ ဒေါ်လာ ၅၇ သန်းကျော်ဖိုးတင်ပို့
17-Aug-2016
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်း ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလအတွင်း ပြည်ပနိုင်ငံများသို့ အမေရိကန် ဒေါ်လာ ၅၇ ဒသမ ၀၆၃ သန်း တန်ဖိုးရှိ ကျောက်စိမ်းအရိုင်းနှင့် လက်ဝတ်ရတနာ အချောထည်များ တင်ပို့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ကျောက်စိမ်း (အရိုင်း) ၄၇၅ ဒသမ ၀၉၆ တန်နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၀၄၇ သန်း တန်ဖိုးရှိ လက်ဝတ်ရတနာများ တင်ပို့ထားပြီး၂၀၁၅-၁၆ ဘဏ္ဍာနှစ်က မူဆယ် ၁၀၅ မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃၀၅ ဒသမ ၇၇၉ သန်း တန်ဖိုးရှိ ကျောက်စိမ်းအရိုင်းနှင့် ဒေါ်လာ ၁၅ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ လက်ဝတ်ရတနာများ တင်ပို့ခဲ့ကြောင်း ယင်းဝန်ကြီး ဌာနထံမှ သိရသည်။   

နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင်လည်း ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ (One Stop Services Centre) များ ဖွင့်လှစ်ကာ ကုမ္ပဏီများ၊ အရောင်းဆိုင်များက သတ်မှတ်ထားသည့် အခွန်အခများကို ကျပ်ငွေဖြင့် ပေးဆောင်ပြီးပါက မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်နိုင်ငံသို့ သယ်ဆောင်ရောင်းချခြင်း၊ လက်ဝယ်ထားရှိခြင်း၊ လွှဲပြောင်းခြင်းများ ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

ကျောက်စိမ်းကို (အရိုင်း) အတိုင်း တင်ပို့ခြင်းထက် အချောထည် လက်ဝတ်ရတနာများဖြစ်အောင် (Value Added) ပြုလုပ်ပြီး တင်ပို့နိုင်ရန် သတ္တုတွင်း ဝန်ကြီးဌာနက ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ အမှတ် ၁၀၇/၂၀၁၁ ထုတ်ပြန်၍  ကျောက်စိမ်းအချောထည်များ၊ ပလွမ်  (Albite) နှင့် သလင်းကျောက် (Quartzile)၊ အင်ကြင်းကျောက် (Petrified Wood) တို့ဖြင့် ပြုလုပ်ထားသော အချောထည်များကို နယ်စပ်ကုန်သွယ်ရေး (Border Trade) ဖြင့် ရောင်းချနိုင်ရန် ခွင့်ပြုထားပြီးဖြစ်သည်။ 

ကျောက်မျက်၊ ကျောက်စိမ်း ပြည်ပတင်ပို့ရာတွင် တန်ဖိုးအပေါ်လိုက်၍ အခွန်ငွေ ၁၀ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ငါးရာခိုင်နှုန်း၊ ဝင်ငွေခွန် (ကြိုတင်ခွန် နှစ်ရာခိုင်နှုန်း) နှင့် ကျောက်မျက်ဝန်ဆောင်ခ (တစ်ရာခိုင်နှုန်း) တို့ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ တန်ဖိုးဖြတ်အဖွဲ့၊ မန္တလေးမြို့ရှိ ကျောက်စိမ်း၊ ကျောက်မျက် အချောထည် တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ်ထားသည့် အခွန်လေးမျိုးကို ပေးဆောင်ပြီး သယ်ဆောင်ခွင့်၊ လက်ဝယ်ထားရှိခွင့်၊ ရောင်းချခွင့်၊ လွှဲပြောင်းခွင့်များ ပြုလုပ်နိုင်ကြောင်း ကျောက်မျက် လုပ်ငန်းရှင်များထံမှ သိရသည်။  


  • VIA