News

POST TYPE

NEWS

ရွှေတချောင်းမြောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်၍ ရေလျှံဟု စည်ပင်ပြော
16-May-2017 tagged as မန္တလေး

မန္တလေး၊ မေ ၁၅

မန္တလေးမြို့တော်၌ မေလ ၁၄ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မြို့တွင်းလမ်းများ ရေကြီးရေလျှံ ဖြစ်ရခြင်းမှာ ရွှေတချောင်းမြောင်း အတွင်းသို့  စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့် ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက ပြောကြားသည်။

မိုးရေချိန် ၂ ဒသမ ၄ လက်မအထိ ရွာသွန်းခဲ့ခြင်းကြောင့် လမ်းများပေါ်အထိ ရေလျှံခဲ့ရသည့်အပြင် မန္တလေးမြို့၏ အဓိက ချောင်းကြီးတစ်ခု ဖြစ်သော ရွှေတချောင်းမြောင်းအတွင်းသို့ စည်းကမ်းမဲ့  အမှိုက်စွန့်ပစ်ခြင်းနှင့် ရွှေတချောင်းမြောင်း ဧရိယာ ကျဉ်းမြောင်းသွားခြင်းကြောင့် ဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“မန္တလေးမြို့တော်စည်ပင် အနေနဲ့ သက်ဆိုင်တဲ့ ဝန်ထမ်းအားလုံး အသုံးပြုပြီးတော့ နာရီပိုင်းအတွင်း ပြန်ကျအောင် လုပ်နေပါတယ်။ နေရာအတော်များများမှာတော့ ရေကျသွားပါပြီ။ မြောက်ပြင် ၇၃  လမ်းဘက်အခြမ်းကတော့ အရင်ကတည်းက အနိမ့်ပိုင်းနေရာဆိုတော့ (မေ ၁၅ ရက်နေ့)  ညနေထိတိုင် လမ်းပေါ်မှာ ရေကျန်နေသေးတယ်။ ဒါကိုလည်း အမြန်ဆုံး ပြန်ကျအောင် လုပ်နေတယ်” ဟု ဦးသက်နိုင်ထွန်းက ရှင်းပြသည်။

မန္တလေးမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းသည့်အခါတိုင်း လမ်းများပေါ်တွင် ရေလျှံသည်မှာ နှစ်ပေါင်းကြာမြင့်နေပြီ ဖြစ်ကြောင်း၊ မန္တလေးမြို့တော် စည်ပင်ကိုသာ အလုံးစုံ အပြစ်ပုံချ၍ မရကြောင်း၊ ဒေသခံပြည်သူများ အနေနှင့် ရွှေတချောင်း၊ ငွေတချောင်းနှင့် အခြားချောင်းမြောင်း ပတ်ဝန်းကျင်တွင် နေထိုင်သူများ အနေနှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကြောင့်လည်း မိုးရွာသွန်းမှုများသည့် အချိန်တိုင်း မြို့တွင်းလမ်းမပေါ်များနှင့် ရပ်ကွက်များအတွင်း ရေလျှံမှုများ ဖြစ်ရကြောင်း ချမ်းအေးသာစံမြို့နယ်မှ ဦးလှဝင်းက ပြောကြားသည်။

လတ်တလောတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အနေနှင့် လူအင်အား စက်ယန္တရားအင်အား အသုံးပြု၍  လမ်းပေါ်တင်ကျန်နေသောရေများ ကျဆင်းရန်နှင့် ရေစီးဝင်ရာချောင်း၊ မြောင်းများတွင် ပိတ်ဆို့နေသော အမှိုက်များကို ရှင်းလင်းနေပြီ ဖြစ်သည်။

M-03