News

POST TYPE

NEWS

ဆင်ဆာမီးပွိုင့်တပ်ဆင်မှု မပြီးသည့်ကုမ္ပဏီကို သြဂုတ်လ ၂ ရက်ကစပြီး တစ်ရက်တစ်သိန်း ဒဏ်ရိုက်
17-Aug-2016
ရန်ကုန်တိုင်းအတွင်း ဆင်ဆာစနစ်သုံး မီးပွိုင့်များကို သြဂုတ်လ ၁ ရက်အပြီး တပ်ဆင်ရန် သတ်မှတ်ထားသော်လည်း ပြီးစီးမှု မရှိသဖြင့် တပ်ဆင်သည့်ကုမ္ပဏီကို သြဂုတ်လ ၂ ရက်ကစ၍ တစ်ရက် ကျပ်တစ်သိန်း ဒဏ်ရိုက်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးထံမှ သိရသည်။

ရန်ကုန် မီးပွိုင့်ဗဟိုထိန်းချုပ်ရေးစနစ် (DICTCS) ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မီးပွိုင့် ၁၃၀ အတွက် တိုင်ထောင်ထားပြီး မီးပွိုင့် ၁၅၄ ခုကို ဆင်ဆာမီးပွိုင့်စနစ် တပ်ဆင်မည်ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

"ကုမ္ပဏီဘက်က သက်တမ်းသုံးလ ထပ်တိုးပေးဖို့ တောင်းဆိုထားတယ်။ ဒါကို တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတယ်။ အဖြေတော့ ပြန်မလာသေးဘူး" ဟု ၎င်းက ဆိုသည်။

မီးပွိုင့်နှင့် ထိန်းချုပ်စင်တာအား လုပ်ငန်းစတင်သည့် ဖေဖော်ဝါရီလမှ ဇူလိုင်လကုန်ထိ ခြောက်လအတွင်း အပြီးသတ် တပ်ဆင်ရန် သတ်မှတ်ထားကြောင်း၊ ထိန်းချုပ်ရေးစင်တာမှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရှိရသည်။

လက်ရှိတွင် ဦးဝိစာရအဝိုင်း၊ ဦးထောင်ဘိုအဝိုင်းနှင့် ဟံသာဝတီအဝိုင်းတို့တွင် ဆင်ဆာစနစ်သုံး မီးပွိုင့်များ ပြောင်းလဲ တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ဆင်ဆာမီးပွိုင့်သည် ယာဉ်အမျိုးအစား၊ အချိန်၊ ယာဉ်နံပါတ်နှင့် ယာဉ်ပေါ်တွင် ခါးပတ်ပတ်ခြင်း ရှိ၊မရှိနှင့် လမ်းပြောင်းပြန် မောင်းနှင်ခြင်း ရှိ၊မရှိကို စစ်ဆေးစောင့်ကြည့် အရေးယူသည့်စနစ် ဖြစ်သည်။

စမ်းသပ်တပ်ဆင်ခြင်းအနေနှင့် အလုံမြို့နယ်တွင် မီးပွိုင့်သုံးခုရှိပြီး ဆင်ဆာမီးပွိုင့် တပ်ဆင်ရန် တိုင်များ စိုက်ထူထားကြောင်း အမှတ် ၃၆ အလုံမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူးလှဘုန်းကျော်က ပြောကြားသည်။

"တပ်ဆင်တဲ့အဆင့်ကိုတော့  မရောက်သေးပါဘူး။ တိုင်စိုက်တုန်းပဲ ရှိပါတယ်။ အရင်မီးပွိုင့်တွေရဲ့ အနောက်ကို ပေ ၂၀ လောက်အကွာမှာ အသစ်စိုက်နေတာပါ။ ဘယ်လောက်ကြာမှ ပြီးမယ်ဆိုတာကိုတော့ မှန်းလို့ မရသေးဘူး" ဟု ၎င်းက ဆိုသည်။

ရန်ကုန် မီးပွိုင့်ဗဟိုထိန်းချုပ်ရေးစနစ် (DICTCS) ရုံးခန်းကို ပြည်သူ့ရင်ပြင်ရှိ နက္ခတ်တာရာပြခန်းတွင် ပေ ၁၀၀ ပတ်လည် အဆောက်အအုံ တည်ဆောက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရက ကျပ်  ဘီလီယံ ၂၀ ၊ တင်ဒါအောင်သည့် မြန်မာရွှေယင်းကုမ္ပဏီက ကျပ် ၃၈ ဒသမ ၉၂ ဘီလီယံ ကုန်ကျခံမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။


  • VIA