News

POST TYPE

NEWS

ရွှေတစ်ကျပ်သားလျှင် အခွန် ငါးရာခိုင်နှုန်းပေးဆောင်ရမည်မှာ မဟုတ်မှန်ဟုဆို
17-Aug-2016
၂၀၁၇ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအတွင်း ရွှေတစ်ကျပ်သား တန်ဖိုးရောင်းချခြင်းအတွက် အခွန် ငါးရာခိုင်နှုန်းကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ပေးဆောင်ရမည်ဆိုခြင်းမှာ မဟုတ်မှန်ဘဲ ယင်းဥပဒေကြမ်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ရေးဆွဲဆဲဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

"ဒါသူတို့က အမှတ်မှားတာပါ။ အခွန်ဥပဒေမှာက ရွှေလုပ်ငန်းရှင်တွေကို ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကောက်တာပါ။ အဲဒါ အရင်တုန်းကတည်းက ကောက်ပါတယ်။ ဒီလို တန်ဖိုးအပေါ်ကနေ ကောက်တာတွေ ဘာတွေတော့ မရှိသေးပါဘူး"ဟု မန္တလေးတိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာန တိုင်းမှူး ဦးစိုးနိုင်က ပြောဆိုသည်။

မန္တလေးတိုင်း အခွန်ဦးစီးဌာနမှူးရုံး၌ သြဂုတ်လ ၁၀ ရက်နေ့က ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ရွှေလုပ်ငန်းရှင်များကို အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းပွဲတွင် ပြည်ထောင်စု အခွန်အကောက်ဥပဒေအတိုင်း စနစ်တကျ စည်းကြပ် ကောက်ခံသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်။

ယင်းသို့ ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး ရွှေလုပ်ငန်းရှင်များက အထင်အမြင်လွဲမှား၍ ရွှေတစ်ကျပ်သားအပေါ်မှ ကောက်ခံမည်ဟု ထင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ဦးစိုးနိုင်က ရှင်းလင်းပြောကြားသည်။

"အခွန်ဥပဒေကြမ်းသစ်ကို ကျွန်တော်တို့ အောက်ခြေဘက်ကပဲ လုပ်နေတုန်း ရှိပါသေးတယ်။ တိုင်းဒေသကြီးတွေအလိုက် လုပ်ပြီးမှ ရုံးချုပ်၊ ရုံးချုပ်ကနေ ပြည်ထောင်စုအစိုးရ၊ အစိုးရကနေမှ လွှတ်တော်ကို တင်ရမှာပါ" ဟု ၎င်းက ဆိုသည်။ 
လတ်တလော ရွှေလုပ်ငန်းရှင်များအနေနှင့် ပြည်တွင်း၌ ရောင်းဝယ်ခြင်း၊ ပြည်ပတင်ပို့ ရောင်းချခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ရောင်းချခြင်းနှင့် ရွှေလုပ်ငန်း ဝန်ဆောင်မှုပေးခြင်းတို့အတွက် ကုန်သွယ်ခွန် ပေးဆောင်ရကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။


  • VIA