News

POST TYPE

NEWS

ထားဝယ်လယ်သမားများကို အမှုသုံးခုဖြင့် ဖမ်းဆီးစစ်ဆေး
15-May-2017 tagged as ထားဝယ်

ထားဝယ်၊ မေ ၁၄

ထားဝယ်မြို့တွင် လယ်သမားများကို ရာဇဝတ်မကင်းသော ကျော်နင်းမှု၊ အကျိုးဖျက်ဆီးမှု အပါအဝင် အမှု ၃ ခုဖြင့် မေလ ၁၃ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခဲ့ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

လယ်သမား အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၆ ဦးကို ဖမ်းဆီးခဲ့ပြီး ရဲစခန်းတွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

လယ်သမားဖြစ်သူ ဦးသောင်းညွှန့်နှင့် သမီးတစ်ဦးကို ယခင်က တိုင်တန်းထားသည့် အမှု ၂ ခုအတွက် စစ်ဆေးရန် မေလ ၁၃ ရက်နေ့ မနက်ပိုင်းတွင် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ထားဝယ်မြို့မ စခန်းမှူးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် အကောက်ခွန်ဦးစီးဌာနက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၄၇၊ ၄၂၇ တိုင်တန်းထားသည့် အမှု ၁ မှု၊ ၂၀၁၇ ခုနှစ် ဧပြီလ နှောင်းပိုင်းက ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန (လူကယ်ပြန်) က ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇ တိုင်တန်းထားသည့် အမှုအတွက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်း ၂ မှုအတွက် စစ်ဆေးရန် မေလ ၁၃ ရက်နေ့ ညနေပိုင်းတွင် ဒေါ်ရီရီထွေး အပါအဝင် ၅ ဦးကို သွားခေါ်ခဲ့သည်ဟု စခန်းမှူးက ပြောသည်။

ယင်းသို့ သွားခေါ်သည့် နေ့တွင်ပင် လယ်သမားများနှင့် ထားဝယ်အများပိုင် ကုမ္ပဏီ (DDPC) အကြား မြေယာကိစ္စနှင့် ပတ်သက်ပြီး ထိပ်တိုက်တွေ့မှု ဖြစ်ပွားနေသည်။

ယင်းသို့ ထိပ်တိုက်တွေ့မှုတွင် ထားဝယ်အများပိုင်မှာ လုပ်ငန်းဆောင်ရွက်သည့် ကားအား ဒေါ်ရီရီထွေး အပါအဝင် ၄ ဦး ကတားပြီး ခဲနှင့် ထု၊ လေးခွနှင့် ပစ်သည့်အတွက် ကားမှန်ကွဲသွားသည်ဟု DDPC က လာရောက်တိုင်ကြားခဲ့ကြောင်း စခန်းမှူးက ပြောသည်။

ဖမ်းဆီးခဲ့သည့် ၇ ဦးတွင် ဒေါ်ရီရီထွေး တစ်ဦးသာ ၂၇၉- က၊ ၄၂၇ ကားမှန်ပစ်ခွဲသည့် အမှုနှင့် သက်ဆိုင်ပြီး ၆ ဦးမှာ အကောက်ခွန်ဌာနနှင့် လူ/ကယ်/ပြန်က တိုင်ထားသည့် အမှုနှင့် သက်ဆိုင်ကြောင်း စခန်းမှူး ဒုရဲမှူးမျိုးမြင့်ဦးက ရှင်းပြသည်။

ကားမှန်ကွဲသည့် အမှုအတွက် ဖမ်းဆီးရန် ၃ ဦး ကျန်သေးပြီး ယခင်လက်ကျန် ၂ မှု အတွက် ၁ ဦးကို ဖမ်းဆီးရန် ကျန်သေးကြောင်း ၎င်းက ပြောသည်။

လယ်သမားများက အငြင်းပွားလယ်မြေပေါ်တွင် ပြဿနာ ဖြေရှင်းပြီးမှသာ တည်ဆောက်ရေး လုပ်ငန်းများ ဆက်လုပ်ရန် တောင်းဆိုထားသော်လည်း မြေဖို့ခြင်းကဲ့သို့ ကိစ္စများကို အဓမ္မ၀င် ရောက်လုပ်ကိုင်နေကြောင်း ဖမ်းဆီးခံထားရသည့် လယ်သမား ဦးသောင်းညွန့်၏ ညီမဖြစ်သူ ဒေါ်အုန်းတင်က ဆိုသည်။ 
“တားဆီးတာတွေကို ကျွန်မတို့ လုပ်ချင်လို့ လုပ်နေတာ မဟုတ်ဘူး၊ ကျွန်မတို့ အနေနဲ့လည်း အတန်တန်ပြောတယ်၊ ဖြေရှင်းပေးပါ၊ ဖြေရှင်းပေးပြီးရင် ကြိုက်သလိုလုပ်၊ ကျွန်မတို့အနေနဲ့ ဘာမှပြောစရာ တားစရာ မရှိပါဘူး” ဟု ဒေါ်အုန်းတင်က ပြောသည်။

ဖမ်းဆီးထားသူ ၇ ဦးကို ယင်းနေ့ညတွင်ပင် အာမခံနှင့် ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ထားဝယ်မြို့မ ရဲစခန်းမှူးထံ မှ သိရသည်။

လယ်သမားများနှင့် ထားဝယ်အများပိုင်တို့ ထိပ်တိုက်တွေ့မှုသည် မေလ ၁၄ ရက်တွင်လည်း ဖြစ်ပွားလျက် ရှိသည်။

Dawei Watch