News

POST TYPE

NEWS

ကျိုင်းတုံတွင် မီးသတ်တပ်ဖွဲ့ဝင်များကို ပထမဆုံး ရှာဖွေကယ်ဆယ်ရေး သင်တန်းပေး
17-Aug-2016
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့ တွဲဖက်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးတွင် မီးသတ်တပ်ဖွဲ့ဝင်များကို သြဂုတ်လ ၁၅ ရက်မှ စတင်ကာ ပထမဆုံးအကြိမ် ရှာဖွေကယ်ဆယ်ရေး သင်တန်းပေးနေကြောင်း ကျိုင်းတုံခရိုင် မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်းက ပြောကြားသည်။

အဆိုပါသင်တန်းကို  ခရိုင်အတွင်းရှိ သန္ဓေ မီးသတ်တပ်ဖွဲ့ဝင် ၄၀ ကို  နှစ်ပတ်ကြာ သင်တန်းပေးခြင်းဖြစ်ပြီး သဘာဝဘေး ကျရောက်ခြင်း၊ ယာဉ်မတော်တဆမှုများတွင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရန် သင်ကြားပေးခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 
မြန်မာနိုင်ငံတွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် သဘာဝ ဘေးအန္တရာယ်များ ကျရောက်နေသည့်အပြင် ယာဉ်မတော်တဆမှုများ၊ လုပ်ငန်းခွင် မတော်တဆမှုများ ကြုံတွေ့လျက်ရှိရာ ယင်းကဲ့သို့ ဘေးအန္တရာယ်များ ထပ်မံကြုံတွေ့လာပါက အချိန်မီ ရှာဖွေကယ်ဆယ်နိုင်ရန်  မီးသတ် တပ်ဖွဲ့ဝင်များကို ရှာဖွေကယ်ဆယ်ရေး ပစ္စည်းမျိုးစုံ ထောက်ပံ့ ဖြည့်ဆည်းပေးထားကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူး ရဲသူရိန်ဦးသိန်းမြင့်က
ပြောကြားသည်။

"ရှမ်းအရှေ့မှာဆို ကြီးကြီးမားမား သဘာဝဘေးဆိုလို့  ၂၀၁၁ခုနှစ်မှာ တာလေ ငလျင်တစ်ခုပဲ ကြုံသေးတယ်၊ ကျန်တဲ့ဘေးကတော့ နှစ်တိုင်း မဟုတ်တောင် ခဏခဏ တွေ့နေရတယ်၊ သဘာဝဘေး ကျရောက်ချိန်မှာ ကြက်ခြေနီနဲ့ မီးသတ်တွေပဲ ကူညီကယ်ဆယ်ပေးတာ မဟုတ်တော့ ကျန်တဲ့ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေကိုလည်း ရှာဖွေကယ်ဆယ်ရေး သင်တန်းတွေ ပေးထားသင့်တယ်၊ ဒါမှ ကူညီခံရတဲ့သူရော ကူညီပေးကြတဲ့သူပါ အန္တရာယ်ကင်းမှာ" ဟု ကျိုင်းတုံမြို့ခံ တစ်ဦးက သုံးသပ်သည်။

အဆိုပါသင်တန်းကို စာတွေ့လက်တွေ့ သင်ကြားမည် ဖြစ်ပြီး ကြိုးချည်နည်း အမျိုးမျိုး၊ လူနာသယ်ဆောင်နည်း၊ ရွက်ဖျင်တဲထိုးနည်း၊ မြို့ပြနှင့် တောင်ပေါ် ရှာဖွေကယ်ဆယ်ရေး၊ စက်လှေကိုင်တွယ် မောင်းနှင်ခြင်းနှင့် မျှော်စင်ရှာဖွေ ကယ်ဆယ်ရေးတို့ကို သင်ကြားပေးမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးထံမှ သိရှိရသည်။


  • VIA