News

POST TYPE

NEWS

တရုတ်သို့ ဆန်တန်ချိန်တစ်သိန်း ထပ်ပို့ရန် ဝန်ကြီးအဆင့် ဆွေးနွေးရန်လို
13-May-2017 tagged as ဆန်

ရန်ကုန်၊ မေ ၁၃

တရုတ်နိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ဆန်တန်ချိန်တစ်သိန်း ထပ်မံ တင်ပို့နိုင်ရန် ကမ်းလှမ်းထားသော်လည်း တရားဝင် သဘောတူညီချက် ရရှိရန်အတွက် ဝန်ကြီးအဆင့် သွားရောက် ဆွေးနွေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ရှိ လုပ်ငန်းရှင်များထံမှ သိရသည်။

လတ်တလော၌ ကမ်းလှမ်းထားသည့် အဆင့်သာရှိပြီး တရုတ်အစိုးရက အကြောင်းပြန်ကြားခြင်း မရှိသည့်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် သွားရောက် ဆွေးနွေးရန် လိုအပ်ကြောင်း ၎င်းတို့က ပြောကြားသည်။

“ကျွန်တော်တို့နဲ့ ဝန်ကြီးတို့ သွားဖို့ လုပ်သေးတယ်။ ဝန်ကြီးက တခြားခရီးစဉ်ရှိတာနဲ့ အဲဒီတုန်းက မသွားဖြစ်လိုက်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဘဏ္ဍာရေးမှူး ဦးအောင်မြင့်က ပြောဆိုသည်။ 

တရုတ်နိုင်ငံသို့ ပထမအကြိမ် ဆန်တန်ချိန် တစ်သိန်းကို ပင်လယ်ရေကြောင်းမှတစ်ဆင့် ၂၀၁၅ ခုနှစ်အတွင်းက တရားဝင် စတင် တင်ပို့ခဲ့ပြီး ယခုနှစ်အတွင်းမှသာ ထပ်မံ၍ တင်ပို့နိုင်ရန် မြန်မာဘက်က ကမ်းလှမ်းခြင်းဖြစ်သည်။

လတ်တလော တရုတ်နိုင်ငံသို့ မူဆယ် ၁၀၅ မိုင်နယ်စပ်မှတစ်ဆင့် တရားမဝင် ဆန်တင်ပို့နေရသည့်အတွက် တရားဝင် တင်ပို့နိုင်ရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကြိုးပမ်းခြင်း ဖြစ်သည်။

S-04