POST TYPE

NEWS

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် အခြေခံဥပဒေ ရေးဆွဲရန် ဆုံးဖြတ်
12-May-2017 tagged as နိုင်ငံရေး

နေပြည်တော်၊ မေ ၁၂

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု အတွက် ကိုယ်ပိုင်အခြေခံဥပဒေများ အသီးသီး ရေးဆွဲပြဋ္ဌာန်းရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက မေလ ၁၂ ရက်နေ့တွင် ဆုံးဖြတ်လိုက်သည်။

နေပြည်တော်တွင် ပြုလုပ်သည့် အဆိုပါ အစည်းအဝေးသို့ ဒေါ်အောင်ဆန်း စုကြည်၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့နှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

“သမိုင်းဝင်တဲ့ သဘောတူညီချက် ရရှိခဲ့ပါတယ်” ဟု တိုင်းဒေသကြီး/ပြည်နယ် အခြေခံဥပဒေများ ရေးဆွဲမည့် ဆုံးဖြတ်ချက် ချမှတ်ခြင်းအပေါ် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်  ဦးဇော်ဌေးက ဆိုသည်။

မြန်မာနိုင်ငံတွင် မရှိဖူးသေးသည့်  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တိုင်းဒေသကြီး/ပြည်နယ်များအတွက် ကိုယ်ပိုင်အခြေခံဥပဒေများ ထားရှိမည့် အစီအစဉ်ကို အစည်းအဝေး တက်ရောက်သူ အားလုံးက  သဘောတူကြောင်း၊ ယင်းသို့ ရေးဆွဲရန် မေလ ၂၄ ရက်နေ့တွင် စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် ဆွေးနွေးကြမည် ဖြစ်ကြောင်း ၎င်းက  ထပ်လောင်းပြောဆိုသည်။

ဖက်ဒရယ်စနစ်တွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပါဝင်သဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ကိုယ်ပိုင်အခြေခံဥပဒေများ ရေးဆွဲအတည်ပြုပါက နိုင်ငံမှ ခွဲထွက်မည်ကို စိုးရိမ်ကြောင်း၊ ယခု တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ခွဲမထွက်ဟု ကတိပြုသဖြင့် အထက်ပါအတိုင်း သဘောတူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးဇော်ဌေးက ရှင်းပြသည်။

၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်  လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း ဖိတ်ကြားသွားမည် ဖြစ်ကြောင်း သမ္မတရုံးထံမှ ထပ်မံသိရှိရသည်။

ညီလာခံ တက်ရောက်ရန် NCA လက်မှတ်မထိုးရသေးသော သူများကိုပါ  ဖိတ်ကြားမည်ဖြစ်ပြီး  ကတိကဝတ်ပြု လက်မှတ်ထိုးရမည့် DOC (Deed of conferment) တွင် လက်မှတ်ရေးထိုးပါက ညီလာခံတွင် ဝင်ရောက်ဆွေးနွေးခွင့်ပြုမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ်ကို မေလ  ၂၄ ရက်မှ စတင်၍ ငါးရက်ကြာ ကျင်းပရန် စီစဉ်နေပြီး အဆိုပါ ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး စသည့် ကဏ္ဍအလိုက် အခြေခံမူများကို ချမှတ်မည် ဖြစ်ကြောင်း ညီလာခံ အစီအစဉ်များအရ သိရသည်။