POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည် One Belt, One Road အစည်းအဝေးတက်ရန် တရုတ်သွားမည်

ရန်ကုန်၊ မေ ၁၁

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံ၌ မေလ ၁၄ ရက်နေ့တွင် စတင် ကျင်းပမည့် One Belt, One Road အစည်းအဝေးကို တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပ သုံးနိုင်ငံ ခရီးစဉ်မှ မေလ ၁၀ ရက်နေ့က ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ဘေဂျင်းတွင် ပြုလုပ်မည့် အဆိုပါ OBOR အစည်းအဝေးသည် မေလ ၁၄ ရက်နှင့် ၁၅ ရက်ထိ နှစ်ရက်တာ ကြာမြင့်မည်ဖြစ်သည်။

အဆိုပါ အစည်းအဝေး တက်ရောက်ရန် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံက တရားဝင် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။

ယခု ခရီးစဉ်သည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဒုတိယအကြိမ်မြောက် သွားရောက်မည့် ခရီးစဉ် ဖြစ်လာမည်ဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆ ဩဂုတ်လအတွင်းက တရုတ်နိုင်ငံသို့ သွားရောက်ထားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အဆိုပါ ခရီးစဉ် မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ စိစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံ၏ One Belt, One Road စီမံကိန်းနှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ဟု ထင်ကြေးပေးမှုများလည်း ထွက်ပေါ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၁ ရက်နေ့မှ စတင်၍ ဥရောပ သမဂ္ဂဌာနချုပ် (EU)၊ ဘယ်လ်ဂျီယံ နိုင်ငံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံများသို့ တရားဝင်ခရီး ၁၀ ရက်ကြာ သွားရောက်ခဲ့သည်။

J-08