News

POST TYPE

NEWS

ကျိုင်းတုံတွင် စည်းကမ်းမဲ့ အမှိုက်ပစ်သူများကို ကျပ်တစ်သိန်း ဒဏ်ရိုက်မည်
11-May-2017 tagged as ကျိုင်းတုံ

ကျိုင်းတုံ၊ မေ ၁၁

ကျိုင်းတုံမြို့ စည်ပင်သာယာနယ်နိမိတ်အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများကို မေလ ၈ ရက်နေ့မှ စတင်၍ ကျပ်တစ်သိန်း ဒဏ်ငွေရိုက်မည် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

နောင်တုံကန်၊ နောင်ခမ်းကန် စသည့် အထင်ကရ နေရာများနှင့် အဓိကလမ်းမကြီးများ အပါအဝင် စည်ပင်သာယာနယ်နိမိတ် အတွင်းရှိ နေရာအချို့တွင် အမှိုက်စွန့်ပစ်ခြင်း မပြုရန် တားမြစ်ထားသော်လည်း လိုက်နာမှု မရှိ၍ စွန့်ပစ်ပါက ဒဏ်ငွေကျပ်တစ်သိန်းရိုက်မည် ဖြစ်ကြောင်း ယင်းကော်မတီ သန့်ရှင်းရေးဌာနမှူး ဦးသန်းဇော်က ပြောကြားသည်။

ကျိုင်းတုံမြို့တွင် ၂၀၁၃ ခုနှစ်က စတင်၍ အမှိုက်သိမ်းခြင်း လုပ်ငန်းကို စိန်ရေကန် ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိခဲ့ပြီး အမှိုက်ခွန်ကို တစ်လလျှင် ၁၅၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ကောက်ခံခွင့် ရရှိထားကြောင်း၊ စည်ပင်သာယာနယ်နိမိတ်အတွင်း နေ့စဉ် အမှိုက်တန်ချိန် ၃၀ ခန့်ထွက်ရှိပြီး အိမ်ခြေ ၇၀၀၀ ကျော် ရှိသည့်အနက် အိမ်ခြေ ၃၅၀၀ ခန့်သာ အမှိုက်ခွန်ပေးဆောင်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

(ပုံစာ - စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ပါက ဒဏ်ငွေကျပ်တစ်သိန်း ပေးဆောင်ရမည့် ကြေညာဘုတ်များ စိုက်ထူထားပုံ)

R-16
ဓာတ်ပုံ- ရန်နိုင်