News

POST TYPE

NEWS

က်ည္ကာအက်ႌ ဝတ်ပြီးမှ လူဆိုး ဖမ်းတော့မည်
06-May-2017 tagged as ထားဝယ်

ထားဝယ်၊ မေ ၆

ထားဝယ်မြို့နယ်အတွင်းရှိ အန္တရာယ်ရှိသည်ဟု ယူဆရသည့် တရားခံများကို ကျည်ကာအင်္ကျီ ဝတ်ပြီး ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ထားဝယ် မြို့မ ရဲစခန်းထံမှ သိရသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူများမှာ သေနတ်နှင့် ဓားများ ကိုင်ဆောင် အသုံးပြုမှုများ လာသည့်အတွက် ဦးဆောင် ဝင်ဖမ်းမည့် ရဲတပ်ဖွဲ့ဝင်များကို ကျည်ကာအင်္ကျီ ဝတ်ပြီးမှ ဝင်ဖမ်းစေမည်ဖြစ်ကြောင်း ထားဝယ် မြို့မ ရဲစခန်း စခန်းမှူးက ဆိုသည်။

“(ခိုးမှုလိုမျိုး) ရိုးရိုးတရားခံ ဖမ်းရာမှာတော့ မသုံးပါဘူး”ဟု ထားဝယ်စခန်းမှူးက ပြောကြားသည်။

ထားဝယ်မြို့နယ် ရဲတပ်ဖွဲ့နှင့် ထားဝယ် မြို့မရဲစခန်းတွင် အသုံးပြုရန်အတွက် ပြီးခဲ့သည့်အပတ်က ကျည်ကာအင်္ကျီ ၆ ထည်ကို တိုင်းရဲတပ်ဖွဲ့က ထောက်ပံ့ပေးထားကြောင်း ၎င်းက ဆိုသည်။

“သွားဖမ်းတဲ့အချိန် ရဲကခံလာရတယ်ဆိုတာ မဖြစ်အောင် လူဆိုးဖမ်းတဲ့ ရဲတိုင်းကို ဝတ်ခိုင်းသင့်တယ်”ဟု ထားဝယ်မြို့ခံ ကိုဟိန်းအာကာက ထောက်ပြသည်။

ကျည်ကာအင်္ကျီများကို ခရိုင်တစ်ခုလျှင် ၁၀ ထည်နှုန်းဖြင့် ဖြန့်ဝေသွားမည်ဖြစ်ပြီး အဓိက စီးနင်းရှာဖွေမည့် နယ်ထိန်းနှင့် ဒုစရိုက် နှိမ်နင်းရေး တပ်ဖွဲ့ဝင်များကို ဝတ်ဆင်စေမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့ဖူးသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလက မူးယစ်တရားခံပြေးဖြစ်သူ သီဟနိုင် (ခ) ညီငယ်အား ထားဝယ်မြို့တွင် ဝင်ရောက် ဖမ်းဆီးစဉ် ရဲတပ်သား ထွန်းယိန်းကို ညီငယ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရဲတပ်သား သေဆုံးသွားခဲ့ဖူးသည်။

Dawei Watch