News

POST TYPE

NEWS

ထားဝယ်ခရိုင် ကုန်သည်/စက်မှုအသင်း အလုပ်မှုဆောင်အဖွဲ့ ပြန်ရွေး
ထားဝယ်၊ မေ ၎

သက်တမ်း ၂ နှစ် ရှိပြီ ဖြစ်သည့် ထားဝယ်ခရိုင် ကုန်သည်/စက်မှုအသင်း၏ အလုပ်အမှုဆောင်အဖွဲ့ကို ထားဝယ်မြို့တွင် ပြန်လည်ရွေးချယ်ခဲ့သည်။

ထားဝယ်ခရိုင် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း၏ အသင်းအဖွဲ့စည်းမျဉ်းအရ ကနဦး အမှုဆောင်သက်တမ်း ၂ နှစ် ဖြစ်သောကြောင့် သက်တမ်းကုန်ဆုံးပြီ ဖြစ်သည့်အတွက် ပြန်လည်ရွေးချယ်ခြင်း ဖြစ်ကြောင်း အသင်း၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခံခဲ့ရသည့် ဒေါ်ခင်ညိုညိုက ပြောသည်။
“ပြီးရင် မြိတ်အသင်း၊ ကော့သောင်းအသင်းတွေနဲ့ ပူးပေါင်းဆွေးနွေးပြီး တိုင်းဒေသကြီး ကုန်သည်/စက်မှုအသင်းကို ဖွဲ့ပါမယ်” ဟု ဒေါ်ခင်ညိုညိုက ပြောသည်။

ထားဝယ်ခရိုင် ကုန်သည်/စက်မှုအသင်း၏ ယခင်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ညီနောင်အသင်း ၁၆ သင်းက တိုက်ရိုက်အဆိုပြုသည့် ကိုယ်စားလှယ်များ၊ အသင်းဝင်များက အဆိုပြုသည့် ကိုယ်စားလှယ်များနှင့် ထားဝယ်ခရိုင် အတွင်းရှိ မြို့နယ်များမှ ကိုယ်စားလှယ် စုစုပေါင်း ၄၀ ဦးထဲမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၂၀ ဦးကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယင်း ၂၀ ဦးထဲမှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး အဖွဲ့ဝင်များ၊ ဘဏ္ဍာရေး အဖွဲ့ဝင်များနှင့် စာရင်းစစ်အဖွဲ့များကို ရွေးချယ်ခဲ့သည်။

တနင်္သာရီတိုင်းတွင် တိုင်းဒေသကြီး ကုန်သည်/စက်မှုအသင်းရှိပြီး ဖြစ်သော်လည်း ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်များမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ခြင်း မရှိသောကြောင့် ထားဝယ်ခရိုင်အသင်း၊ မြိတ်ခရိုင်အသင်းနှင့် ကော့သောင်းခရိုင်အသင်း ၃ သင်း စုပေါင်းကာ တိုင်းအသင်းကို ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

လက်ရှိ တနင်္သာရီတိုင်း ကုန်သည်/စက်မှုအသင်းကလည်း မြို့နယ်အသင်း၊ ခရိုင်အသင်းများအပေါ် အခြေမခံဘဲ တိုင်းအတွင်းရှိ ကုန်သည်နှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အားလုံးကို ဖိတ်ခေါ်၍ ရွေးကောက်ပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း အသင်းတာဝန်ရှိသူက ပြောဆိုထားသည်။

Dawei Watch