POST TYPE

NEWS

ကိုးနှစ်ပြည့် နာဂစ်
02-May-2017 tagged as မုန်တိုင်း

အသက်ပေါင်းများစွာကို နုတ်ယူသွားခဲ့သည့် နာဂစ်မုန်တိုင်းကြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်ခဲ့သည်မှာ ကိုးနှစ်တာကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ 

လွန်ခဲ့သည့် ကိုးနှစ်၊ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က ဟိုင်းကြီးကျွန်းကို ဦးတည်ကာ တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၃၀ ခန့်ဖြင့် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တစ်သိန်းသုံးသောင်းကျော် သေဆုံးခဲ့ပြီး လူနှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် သဘာဝဘေးအန္တရာယ်များအနက် လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးရှိခဲ့သည့် နံပါတ်တစ် သဘာဝဘေး ဖြစ်ခဲ့သလို သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အတွက်လည်း အကြီးမားဆုံး သင်ခန်းစာပေးခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း နာဂစ်က ယနေ့အချိန်တွင်တော့ မုန်တိုင်းသတိပေးချက်၊ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ခြင်းနှင့် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လာစေရန် တွန်းအားပေးလျက်ရှိနေသည်။

နာဂစ်မုန်တိုင်းကို နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ခဲ့ရဖူးသူတိုင်းက မုန်တိုင်းဆိုသည့် အသံကြားလျှင် လန့်နေတတ်သည်။ နာဂစ်အိပ်မက်ဆိုးက ခြောက်လှန့်နေတတ်သည်။

ယနေ့အချိန်တွင်တော့ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်သည်ကို ကြိုတင်ခန့်မှန်းလာနိုင်သည်။ မုန်တိုင်းဖြစ်လာသည့် အခါတွင်လည်း Early Warning System (ကြိုတင်သတိပေးစနစ်) ဖြစ်သည့် မုန်တိုင်းဆိုင်ရာ အချက်အလက်များ၊ လေဖိအား၊ လေတိုက်နှုန်းနှင့် မုန်တိုင်းကြောင့် ဖြစ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်နိုင်ရန် လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကဲ့သို့သော ပညာရှင်များနှင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနတို့ကလည်း အချိန်နှင့် တစ်ပြေးညီ မိုးလေဝသ သတင်းများ ထုတ်ပြန်ပေးလာနိုင်သည်။

မုန်တိုင်းရာသီ ရောက်ရှိပြီ ဆိုပါကလည်း မုန်တိုင်းဖြစ်နိုင်ခြေရှိ မရှိနှင့် မုန်တိုင်းစတင်ဖြစ်ပေါ်လာသည့်အချိန် အဝါရောင်အဆင့်မှစ၍ မုန်တိုင်းသတင်း၊ မိုးလေဝသ ခန့်မှန်းချက်များကို ပြည်သူလူထုက စိတ်ဝင်တစား စောင့်ကြည့်လာကြသည်။ သဘာဝဘေးနှင့် ပတ်သက်၍ ပြောင်းလဲလာကြသည်။

အစိုးရအနေနှင့်လည်း သဘာဝဘေးနှင့် ပတ်သက်၍ ယခင်ကထက် ပိုအလေးထား ဆောင်ရွက်လာသည်ဟု ဆိုရမည်။ သို့သော် သဘာဝဘေးအန္တရာယ် လျော့ပါးရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အားနည်းချက်၊ အားသာချက်များက ရှိနေသည်။“

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက အထူးသဖြင့် ကမ်းရိုးတန်းဒေသတွင် နေထိုင်သူများသည် ယခင်နှင့်မတူ အလေးထား စောင့်ကြည့်လာသည်ဟု ပြောဆိုသည်။

နာဂစ်မဖြစ်ခင်ကာလက မိုးလေဝသဌာနသည် မုန်တိုင်းသတင်း ထုတ်ပြန်ရန် ကြိုတင်ထောက်လှမ်းရာ၌ ရှိသင့်သည့် ပစ္စည်းကိရိယာများ၊ နည်းပညာနှင့် အရင်းအမြစ်များ မရှိခဲ့သည့်အတွက် ယနေ့ကဲ့သို့ တိကျသည့် ခန့်မှန်းချက်များကို မထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း ယင်းကာလက နေပြည်တော်တွင် ဦးစီးအရာရှိရာထူးဖြင့် တာဝဝန်ထမ်းဆောင်နေခဲ့သည့် ဦးကျော်လွင်ဦးက ပြန်ပြောင်းအောက်မေ့ကာ ပြောဆိုသည်။ 

“နာဂစ်မုန်တိုင်းအစကို စတင်တွေ့သူ၊ နာဂစ်မုန်တိုင်း အဆုံးသတ် ထုတ်ပြန်ခဲ့ရသူတစ်ဦး အနေနဲ့ ပြောရရင် ၂၀၀၈ ဧပြီ ၂၄ ရက် ညနေ ၃ နာရီခွဲ တိမ်ပုံကြည့်လိုက်တော့ ဘင်္ဂလားပင်လယ် တိမ်ဖြစ်ထွန်းမှု ထူးခြားနေတာ သတိထားမိလို့ အဲဒီတုန်းက ညွှန်ချုပ် (ဒေါက်တာထွန်းလွင်ကို) တင်ပြခဲ့တယ်။ ညွှန်ချုပ်က သတိထား စောင့်ကြည့်ရမယ်လို့ ပြောခဲ့တယ်။ အဲဒီနောက် မုန်တိုင်းခန့်မှန်းချက်ကတော့ ခပ်စိပ်စိပ်ထုတ်တယ်။ ပေးပို့ရမယ့် အဖွဲ့အစည်းတွေဆီကို ပို့ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။ 

၂၀၀၈ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှစ၍ နိုင်ငံပိုင်သတင်းစာများတွင် မုန်တိုင်းကြိုတင်သတိပေးချက် ထည့်သွင်းဖော်ပြခဲ့သော်လည်း သဘာဝဘေးကို မကြုံဖူးသည့်အတွက် မြစ်ဝကျွန်းပေါ် ဒေသခံများသည် မုန်တိုင်း၏ အတိမ်အနက်ကို သတိမမူခဲ့ပေ။ 

နာဂစ်မုန်တိုင်းကို ကမ္ဘာ့မိုးလေဝသဌာနများ က ခန့်မှန်းချက် ထုတ်ပြန်ရာတွင် ကွဲလွဲမှုများ ရှိနေပြီး ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်မည်ဟုသာ ပြသထားသော်လည်း မုန်တိုင်းသည် ထူးခြားသည့်လမ်းကြောင်းမှ တစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသများကို ဖြတ်ကျော်ဝင် ရာက်ခဲ့သည်ဟု ဦးကျော်လွင်ဦးက ပြောဆိုသည်။

အဆိုပါ မုန်တိုင်းသည် ဟိုင်းကြီးကျွန်းဆွယ်ကို ဦးတည်၍ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီကို မိုင် ၁၃၀ ခန့်တိုက်ခတ်ပြီး အချင်းဝက် အကျယ် မိုင် ၁၉၀၊ တောင်-မြောက် အကျယ် ၂၅၅ မိုင်ခန့်ရှိသည့် နာဂစ်မုန်တိုင်းသည် လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်း၊ မြောင်းမြ၊ ပုသိမ်၊ ဝါးခယ်မ၊ မအူပင်၊ ဒေးဒရဲ၊ ကျုံမငေး၊ ကျိုက်လတ်၊ ပန်းတနော်နှင့် ရန်ကုန်မြို့များကို ဖြတ်ကျော်ဝင်ရောက်ခဲ့ရာ လပွတ္တာမြို့နယ်သည် မုန်တိုင်းဒဏ်ကို အဆိုးရွာဆုံး ရင်ဆိုင်ခဲ့ရသည်။

“နာဂစ်မဖြစ်ခင်တုန်းက အစိုးရက အစီအမံ မရှိဘူး။ ပြည်သူကလည်း မဖြစ်လောက်ပါဘူးဆိုတဲ့ စိတ်မျိုးတွေ ရှိခဲ့တယ်။ ကြိုတင်ပြင်ဆင်မှု အားမကောင်းခဲ့ဘူး” ဟု UNDP မှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဌာန အဖွဲ့ခေါင်းဆောင် ဒေါ်လတ်လတ်အေးက သုံးသပ်သည်။

ယင်းသို့ နာဂစ်ကပေးသည့် သင်ခန်းစာကြောင့် ယနေ့အချိန်တွင် အစိုးရနှင့် ဒေသခံလူထုတွင် ပြုပြင်ပြောင်းလဲမှုများရှိလာခဲ့ပြီး သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် အာရုံစိုက် ပြင်ဆင်လာကြသည်။ 

သို့သော် ရန်ကုန်မြို့တော်ကဲ့သို့သော မြို့ကြီးများတွင်မူ ငလျင်ကဲ့သို့သော သဘာဝဘေးအန္တရာယ်မျိုး အတွက် ကြိုတင်ပြင်ဆင်မှု၊ ဇာတ်တိုက်လှုပ်ရှားမှုနှင့် အသိပညာပေးမှုများကား မရှိသေးဟု ဒေါ်လတ်လတ်အေးက ပြောဆိုသည်။

ငလျင်လှုပ်ခတ်ပါက မည်သို့ပြုမူနေထိုင်ရမည် ဆိုသည့် အချက်ကို ရေဒီယို၊ လူမှုကွန်ရက်နှင့် သတင်းမီဒီယာများက တစ်ဆင့် အသိပညာပေးလျက် ရှိသော်လည်း သဘာဝဘေးကို လက်တွေ့ရင်ဆိုင်နိုင်ရန် လက်တွေ့ပြင်ဆင်ဆောင်ရွက်မှုမျိုး၊ ဇာတ်တိုက်လေ့ကျင့်မှုမျိုးက မရှိသေးပေ။ 

“ကျေးရွာ၊ ရပ်ကွက်က အုပ်ချုပ်သူတွေကိုယ်တိုင်က အဲဒီလိုလုပ်ဖို့ အစီအမံ မရှိသေးဘူး။ တွန်းအားပေးဖို့ လိုမယ်။ ပြည်ထောင်စုအဆင့်မှာ အားထည့်ပေမယ့် ပြည်နယ်၊ တိုင်းအဆင့်မှာ အားနည်းနေသေးတယ်” ဟု ဒေါ်လတ်လတ်အေးက ဆိုသည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးအတွက် ဥပဒေများ၊ Action Plan များ ယခင်က ရှိသော်လည်း ချိတ်ဆက်ဆောင်ရွက်မှု အားနည်းကြောင်း သူမက သုံးသပ်သည်။ 

“ပြည်သူကတော့ အမြဲတမ်း နိုးကြားမှုတော့ ရှိနေပြီ၊ ဒါပေမဲ့ သူတို့ဘက်က ဘာပြင်ထားလို့ရမလဲ ဆိုတာကို တိတိကျကျ သိနေသလားဆိုတော့ မသိသေးဘူး။ အဲဒီတော့ နိုးကြားလာတဲ့ အသိနဲ့အတူ ပြင်နိုင်ဖို့ကိုတော့ တွန်းအားလေးတွေလိုမယ်။ သူတို့ကိုယ်တိုင်လည်း ပါဝင်ဖို့ လိုမယ်” ဟု ဆိုသည်။

ရာသီဥတု ပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံသည် ရေကြီးခြင်း၊ မြေပြိုခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ခပ်စိပ်စိပ် ကြုံတွေ့လာရပြီး သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံးနိုင်ငံများ စာရင်းတွင် နံပါတ်နှစ်နေရာသို့ ရောက်ရှိနေသည်။

“အခုနဲ့အရင် ဘာမတူတော့ဘူးလဲဆိုရင် အရင်ကဆို မုန်တိုင်းဘယ်ကိုဖြတ်မယ်ဆိုတာ မြို့နယ်မဖော်ပြနိုင်ဘူး။ အခုဆို အသေးစိတ် ဖော်ပြနိုင်တယ်။ ရေဒါတွေ၊ စက်ကိရိယာတွေ မော်ဒယ် ခန့်မှန်းတွက်ချက်တာတွေ အားကောင်းလာတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဆိုသည်။

နာဂစ်နှောင်းပိုင်း ကာလများတွင် မိုးလေဝသဌာန၏ အားနည်းချက်များကို ကုစားနိုင်ခဲ့ပြီး ကျေးရွာလူထု နားလည်နိုင်ရန် မုန်တိုင်းအန္တရာယ်ကို အရောင်များ ခွဲခြားသတ်မှတ်ကာ သတိပေးချက်များ ထုတ်ပြန်ပေးလျက် ရှိကြောင်း ၎င်းက ပြောဆိုသည်။

မုန်တိုင်းအန္တရာယ်နှင့် မိုးလေဝသသတင်းများကို ပြည်သူလူထု အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ရန် အတွက် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် မိုး/ဇလ ဌာနသည် Facebook လူမှုကွန်ရက်ကို စတင်အသုံးပြုခဲ့ပြီး ယနေ့အချိန်အထိ မိုး/ဇလ စာမျက်နှာကို Like လုပ်ထားသူ ၄၅၁,၂၄၉ ဦး ရှိနေသည်။ 

ယင်းမိုး/ဇလဌာန၏ လူမှုကွန်ရက်စာမျက်နှာ အပါအဝင် ဒေါက်တာထွန်းလွင်၏ မိုးလေဝသ ခန့်မှန်းချက်များကို သဘာဝဘေး စီမံခန့်ခွဲရသည့် ဌာနများ၊ သတင်းပြန်ကြားရေး၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များနှင့် အနယ်နယ်အရပ်ရပ်မှ ဖတ်ရှုကာ ထပ်ဆင့်ဖြန့်ဝေ ပေးမှုများလည်း ရှိနေသည်။

လက်ရှိတွင် မုန်တိုင်းကဲ့သို့သော သဘာဝဘေးများနှင့် ပတ်သက်၍ ပြည်သူလူထု အနေနှင့် နိုးနိုးကြားကြား ရှိလာပြီး ပညာရှင်များကလည်း အထူးအလေးထား ဆန်းစစ်ကာ ခန့်မှန်းသတိပေးသည့်အပြင် မီဒီယာများကလည်း သတိပေးချက်များကို ဦးစားပေး ဖော်ပြလာကြသည်။

သို့သော် ပြည်သူလူထုသည် ခန့်မှန်းသတိပေးချက်များ၏ ဆိုလိုရင်း အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်ဘဲ ဌာနဆိုင်ရာများ၏ တာဝန်ယူမှုနှင့် လုပ်ဆောင်မှု အခြေအနေကိုလည်း ရှင်းလင်းစွာ မသိရှိကြောင်း UNEP Climate Change Porject ၏ အမျိုးသားအဆင့် အကြံပေး ဦးချစ်ကျော်က သုံးသပ်ပြောဆိုသည်။

ယင်းကြောင့် နာဂစ်ကဲ့သို့သော ထူးခြားသည့် လမ်းကြောင်းမှ ဝင်ရောက်တတ်သည့် မုန်တိုင်းများ အပါအဝင် မမှန်းဆနိုင်သော ငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းနိုင်ရန်အတွက် ကြိုတင်ကာကွယ်မှုများ၊ ရင်ဆိုင်နိုင်မှုနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးသည် အရေးကြီးသည့် အခန်းကဏ္ဍက ရှိနေရာ ယင်းအခြေအနေနှင့် ပတ်သက်၍ ဒေါ်လတ်လတ်အေးက ယခုကဲ့သို့ ပြောဆိုသည်။

“အစိုးရဘက်ကနေ Zero lost of life အသက်ဆုံးရှုံးမှု လုံးဝမရှိအောင် မှန်းထားမယ် ဆိုရင်တော့ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ Zero lost နဲ့သာ စဉ်းစားမယ် ဆိုရင်တော့ တကယ့်ကို အစွန်အဖျားမှာရှိတဲ့ ရွာတွေအထိ ရောက်ဖို့လိုပါလိမ့်မယ်”

ပြည့်ဖြိုးလင်း