News

POST TYPE

NEWS

မန္တလေးတွင် တရုတ်နိုင်ငံသားများ ဆန်တိုက်ရိုက်ဝယ်
01-May-2017 tagged as ဆန် မန္တလေး

မန္တလေး၊ ဧပြီ ၃၀

မန္တလေးတိုင်းအတွင်းရှိ အချို့နေရာများတွင် တရုတ်နိုင်ငံသားများကိုယ်တိုင် ဆန်ကို တိုက်ရိုက်ဝယ်ယူမှုများ ရှိနေကြောင်း မန္တလေးတိုင်း ဆန်စပါးကုန်သည်များ အသင်းထံမှ သိရသည်။

တရုတ်နိုင်ငံသားများ အနေနှင့် မတ်လအတွင်းက ပုသိမ်ကြီးနှင့် မတ္တရာ မြို့နယ်တို့မှနေ၍ စပါးများ တိုက်ရိုက်ဝယ်ယူခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဆန်ကိုပါ တိုက်ရိုက်ဝယ်ယူမှုများ ပြုလုပ်လာခြင်း ဖြစ်ကြောင်း၊ မန္တလေးတိုင်းတွင် သာမက စစ်ကိုင်းတိုင်းအတွင်းရှိ ရွှေဘိုနှင့် ကျောက်မြောင်း စသည့် မြို့နယ်များတွင်ပါ ဝယ်ယူမှုများ ပြုလုပ်နေကြောင်း၊ မန္တလေးတိုင်း ဆန်စပါးကုန်သည်များအသင်း  ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောကြားသည်။

ယင်းသို့ ဝယ်ယူမှုများကြောင့် တစ်နိုင်တစ်ပိုင် ဝယ်ယူသည့် အသေးစား လုပ်ငန်းရှင်များ အခက်အခဲဖြစ်ရကြောင်း၊ ယင်းသို့ တရုတ်နိုင်ငံသားများက ဆန်နှင့်စပါး တိုက်ရိုက်ဝယ်ယူမှုများနှင့်  ပတ်သက်၍ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံ တင်ပြထားကြောင်း ၎င်းက ပြောဆိုသည်။ 

မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများ ဝင်ရောက်၍ ဆန်နှင့်စပါးများ တိုက်ရိုက်ဝယ်ယူနေခြင်းကို ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသားများ အနေနှင့် မြန်မာနိုင်ငံအတွင်းသို့ မည်သို့သော ပုံစံများဖြင့် ဝင်ရောက်လာသည်ကို မသိရသေးသော်လည်း ယင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေနှင့် တားဆီးပေးရန် မေလ ပထမပတ်အတွင်း တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးသန်းဝင်းက ပြောကြားသည်။ 

M-05