News

POST TYPE

NEWS

ကန်တော်ကြီးပန်းခြံရှိ ကန်ပတ်လမ်းတံတား ယခုနှစ်အတွင်း အကြီးစား ပြုပြင်မည်
30-Apr-2017 tagged as ကန်တော်ကြီး

ရန်ကုန်၊ ဧပြီ ၂၉ 

ရန်ကုန်မြို့တော်၏ အထင်ကရ နေရာတစ်ခုဖြစ်သာ ကန်တော်ကြီးပန်းခြံရှိ ကန်ပတ်လမ်းတံတား တစ်စင်းလုံးကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း အကြီးစားပြုပြင်မည် ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနထံမှ သိရသည်။

အဆိုပါ ကန်ပတ်လမ်းတံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတားဌာန (အင်ဂျင်နီယာ) နှင့် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနတို့ ပူးပေါင်းကာ အကြီးစား ပြုပြင်မည် ဖြစ်ကြောင်း ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန ဌာနမှူး ဦးကိုကိုလင်းက ပြောကြားသည်။

“ဒီတံတား ပြုပြင်တည်ဆောက်ဖို့ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာနက (ကျပ်) သိန်း ၅၄၀၀ သုံးမယ်။ တံတားတည်ဆောက်မှု စရိတ်ကိုတော့ လမ်းတံတားဌာနက ထုတ်ပါမယ်။ လမ်းတံတားဌာနက တံတားဒီဇိုင်းကို ရေးဆွဲနေပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ကန်တော်ကြီးပန်းခြံ အတွင်းရှိ အဆိုပါတံတားကို ၂၀၀၄ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ရာ တံတားအရှည် ၆၉၆၅ ပေခန့်ရှိပြီး ၂၀၀၅ ခုနှစ်က ပေ ၁၀၂၅၊ ၂၀၁၆ ခုနှစ်တွင် ပေ ၈၆၀ ခန့် အကြီးစား ပြင်ဆင်ခဲ့ဖူးကြောင်း မြို့တော်စည်ပင်မှတ်တမ်းများအရ သိရသည်။

ရန်ကုန်မြို့တော်တွင် နေထိုင်သူများ ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ကျင့်ခန်း ပြုလုပ်နိုင်သည့် ယင်းကန်ပတ်လမ်း တံတားဆင့်တန်းများ ၂၀၁၆ ခုနှစ် ဇွန်လအတွင်းက ပြိုကျခဲ့ဖူးရာက လက်ရှိအချိန်တွင်လည်း တံတား၏ အချို့နေရာများ ခိုင်ခံ့မှုမရှိတော့ကြောင်း ယင်းပန်းခြံအတွင်း အပန်းဖြေအနားယူနေသူ အချို့ထံမှ သိရသည်။

“အခုဆို လမ်းလျှောက်တဲ့သူတွေ ကျွံကျတာမျိုး မကြာခဏ တွေ့လာရတယ်။ သစ်သားတွေ မညီတော့ ခလုတ်တိုက်တာမျိုးလည်း ရှိတယ်။ ဒီဇိုင်းရေးဆွဲပြီး တံတားတစ်စင်းလုံးကို အကြီးစားပြုပြင်မယ် ဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊ လမ်းလျှောက်သူတွေအတွက် ဝမ်းသာစရာပါ” ဟု ကန်ပတ်လမ်းတံတားတွင် နေ့စဉ် လေ့ကျင့်ခန်း လုပ်နေသည့် သာကေတမြို့နယ်မှ မသီတာအေးက ပြောဆိုသည်။

J-10