POST TYPE

NEWS

NCA စာချုပ်ကို စကားလုံး ပြောင်းလဲပြင်ဆင်ရန်ပင် လက်ခံမည်မဟုတ်ဟု ဒု-တပ်ချုပ် ပြောကြား
 
နေပြည်တော်၊ ဧပြီ ၂၄

တစ်နိုင်ငံလုံး အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ကို စကားလုံး ပြောင်းလဲပြင်ဆင်ရန်ပင် လုံးဝ လက်ခံမည် မဟုတ်ကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားလိုက်သည်။ 

“အချက်တွေ အားလုံးကို စကားလုံးပေါ်မှာ ပြောင်းလဲဖို့ ပြင်ဆင်ဖို့ စဉ်းစားဖို့ကို လုံးဝ လက်သင့်ခံလို့ မရပါဘူး။ အပြင်ဘက်ကပဲ သွားမလိုလို အတွင်းပိုင်းကပဲ သွားမလို ဘယ်လိုပဲရှိနေနေ NCA စာချုပ်ပါအတိုင်းပဲ သွားရမှာပဲ ဖြစ်ပါတယ်။ တက်ရောက်လာတဲ့ လက်မှတ်ထိုးထားတဲ့ ခေါင်းဆောင်တွေက ဆက်လက်ပြီး အကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းလိုပါတယ်”ဟု ဒုတပ်ချုပ်က ဆိုသည်။

နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဧပြီ ၂၄ ရက်နေ့က၂၁ ရာစု ပင်လုံညီလာခံ ဆက်လက် ကျင်းပရေး အပါအဝင် NCA စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို ပြုလုပ်ခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံ (အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ) ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်သော တပ်မတော် အရာရှိကြီးများ၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

“အန်စီအေဟာ ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့အချက် မဟုတ်ပါဘူး။ ဒါက လူတိုင်းသိပါတယ်။ သို့သော်လည်းပဲ တချို့ အဖွဲ့အစည်းများက နားလည်မှု လွဲနေတာက NCA လက်မှတ်ထိုးခြင်းသည် လက်နက် ချခိုင်းတယ်ဆိုတဲ့ အယူအဆတွေ ရှိပါတယ်။ ဒါတွေကို နားမလည်သေးတဲ့ အဖွဲ့ရော၊ နားလည်ပြီးတော့မှ နားမလည်ချင်ယောင် ဆောင်တဲ့ အဖွဲ့တွေရော သိအောင်လို့ ကျွန်တော်တို့ လက်မှတ်ထိုးပြီးသား တိုင်းရင်းသား ခေါင်းဆောင်ကြီးများက တစ်ဆင့်စကား တစ်ဆင့်ကြားအောင် ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ တိုက်တွန်းပေးစေလိုကြောင်း ပြောလိုပါတယ်”ဟု ဒုတပ်ချုပ်က ဆိုသည်။ 

JICM အစည်းအဝေးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖော်ရေးဆိုင်ရာ အဆင့်အမြင့်ဆုံး အစည်းအဝေးတစ်ရပ်ဖြစ်ပြီး ယင်းအစည်းအဝေးမှတစ်ဆင့် ငြိမ်းချမ်းရေး ညီလာခံနှင့် အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များကို ကြီးကြပ်ရသည်။

အဆိုပါ အစည်းအဝေးတွင် မေလ ၂၄ ရက်နေ့၌ အစိုးရသစ်၏ ဒုတိယအကြိမ် ပင်လုံညီလာခံကို ၅ ရက်ကြာ ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်များကို ဖိတ်ကြားမည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကို ပြောကြားသည်။

JICM အစည်းအဝေးကို၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် မကျင်းပမီက တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်သဖြင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အချို့က နောက်ထပ် JICM အစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ရန် တောင်းဆိုခဲ့ဖူးသည်။

S-01