News

POST TYPE

NEWS

“ငါပြောတာ၊ ငါလိုချင်တာရမှ”ဆိုသည့်စိတ်ဓာတ်များ ပြောင်းလဲလာပြီဟု ယူဆကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆို

နေပြည်တော်၊ ဧပြီ ၂၄

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် တပ်မတော် အပါအဝင် အစိုးရအဖွဲ့နှင့် ဆွေးနွေးမှုများတွင်  “ငါပြောတာ၊ ငါလိုချင်တာရမှ” ဆိုသည့်စိတ်ဓာတ်များ ပြောင်းလဲလာပြီဟု ယူဆကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးအပြီးတွင် ၎င်းက “ငါပြောတာရမှ၊ ငါလိုချင်တာရမှ အလုပ်ဖြစ်မယ်ဆိုတဲ့ စိတ်ဓာတ်တွေကနေ ပြောင်းလဲ လာတယ်လို့ ကျွန်မ ထင်ပါတယ်”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို မျက်ခြည်မပြတ် သွားနေဖို့ လိုတယ်၊ တစ်ချိန်တည်းမှာ ခြေလှမ်းတွေကလည်း မှန်မှန်ကန်ကန်နဲ့ တက်ညီလက်ညီ ရှိဖို့လည်း အများကြီး လိုအပ်ပါတယ်”ဟု အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တစ်ချိန်က တစ်ဦးနှင့်တစ်ဦး စကား မပြောခဲ့သော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များသည် လက်ရှိအချိန်တွင် ဆွေးနွေးနိုင်ခြင်းသည် တစ်ချိန်က လက်မခံခဲ့သော ကိစ္စများ၊ အတွေးအခေါ်နှင့်အမြင်များကို လက်ခံနိုင်လာပြီဆိုသော အခြေအနေကို ပြသနေခြင်းဖြစ်ပြီး လက်ရှိ ဆွေးနွေးနေမှုများတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမုန်းမပွားဘဲ မတူသော အမြင်များ ဆွေးနွေးမှုရှိသည်ကို တွေ့ရှိရကြောင်း အစည်းအဝေးအပြီးတွင် ၎င်းက မှတ်ချက်ပြုခဲ့သည်။  

အဆိုပါ အစည်းအဝေးတွင် လာမည့်မေလ ၂၄ ရက်နေ့တွင် အစိုးရသစ်၏ ဒုတိယအကြိမ် ပင်လုံညီလာခံကို ၅ ရက်ကြာ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အပါအဝင် နိုင်ငံတကာမှ ခေါင်းဆောင်များကို ဖိတ်ကြားမည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာများကို ပြောသည်။

မေလ ၂၄ ရက်တွင် စတင်မည့် ညီလာခံတွင် အားလုံး လက်ခံနိုင်သော အခြေခံမူချနိုင်ဖို့ ထုတ်ပြန်နိုင်ရန်၊ သဲသဲကွဲကွဲ မဖြစ်သော အချက်များကို လုပ်ထုံး လုပ်နည်းအဖြစ် တိတိကျကျ ရေးဆွဲရန်နှင့် စောင့်ကြည့် ကော်မတီမှ တင်ပြချက်များကို သဘောတူ ဆုံးဖြတ်ကြရန်၊ RCSS နှင့် တပ်မတော် အငြင်းပွားနေသော နယ်မြေ သတ်မှတ်ချက်များကို ဆုံးဖြတ်ချက်ချပေးရန်၊ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း တိုင်းရင်းသားဒေသများ တိုးတက်အောင် လုပ်ဆောင်ရန် ကိစ္စများကို ဆွေးနွေး ဆုံးဖြတ်မည်ဖြစ်ရာ လက်မှတ် မထိုးသေးသော အဖွဲ့များ ညီလာခံ ပါဝင်တက်ရောက်ခွင့်ကို UPDJC က လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း  သမ္မတရုံး ညွန်ကြားရေးမှူးချုပ်က ရှင်းပြသည်။

S-01