News

POST TYPE

NEWS

ညစ်ညမ်းရုပ်ရှင်သရုပ်ဆောင်မင်းသမီးနှင့် ကြော်ငြာတွဲဖက်ရိုက်ကူခဲ့သည့်အတွက် ပေါ်လင်ညို အရေးယူခံရဖွယ်ရှိ
24-Apr-2017
ဘေဂျင်း၊ ဧပြီ ၂၃

တရုတ်ဆူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းတွင် ပါဝင် ကစားနေသည့် စပါးကွင်းလယ် ကစားသမားဟောင်း ပေါ်လင်ညိုသည် ညစ်ညမ်း ရုပ်ရှင်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်နေသော မင်းသမီးတစ်ဦးနှင့် တွဲဖက်၍ ကြော်ငြာတစ်ခု ရိုက်ကူးပေးခဲ့သည့်အတွက် ဥပဒေကြောင်းအရ အရေးယူခံရဖွယ် ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ပေါ်လင်ညိုသည် ညစ်ညမ်းရုပ်ရှင်လောက၌ ထိပ်တန်း သရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေသည့် ဂျပန်နိုင်ငံသူ ဆူကာဆာအွိုင်နှင့်တွဲဖက်၍ လောင်းကစား စီးပွားရေးလုပ်ငန်းစုတစ်ခုအတွက် ကြော်ငြာရိုက်ကူးပေးခဲ့ခြင်းဖြစ်ပြီး ပေါ်လင်ညိုမှာ တရုတ်နိုင်ငံ၏ ဥပဒေနှစ်ရပ်ကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အသိပေး ပြောကြားထားသည်။

ညစ်ညမ်းရုပ်ရှင်သရုပ်ဆောင်များနှင့် တွဲဖက် အလုပ်လုပ်ခြင်း၊ လောင်းကစားနှင့် ဆက်နွှယ်သော လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းတို့သည် တရုတ်နိုင်ငံ၌ တရားမဝင် လုပ်ရပ်များဖြစ်ကာ ပေါ်လင်ညိုကမူ ၎င်းအနေနှင့် ယင်းကန့်သတ်ချက်များကို မသိရှိသည့်အတွက် ယခုကြော်ငြာကို လက်ခံရိုက်ကူးလိုက်ခြင်း ဖြစ်သည်ဟု ရှင်းပြထားသည်။

ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းသည် လက်ရှိတွင် ပေါ်လင်ညိုကို အသင်းတွင်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဖြစ်ကာ ယခုကိစ္စရပ်နှင့်စပ်လျဉ်း၍ ပေါ်လင်ညိုကို အသင်းမှရောင်းထုတ်လိုက်ဖွယ်ရှိသည်ဟူသော သတင်းဖော်ပြချက်များကိုမူ ဂွမ်ဇူးအဲဗာဂရန်ဒီအသင်းတာဝန်ရှိသူများက ငြင်းဆန်ပယ်ချထားသည်။

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် လက်ရှိဘောလုံးရာသီ ပြီးဆုံးချိန်တွင် ကစားသမားဘဝက အနားယူတော့မည့် ဝါရင့် ကွင်းလယ်ကစားသမား အလွန်ဆို၏ ကွက်လပ်ကို ပေါ်လင်ညိုဖြင့် အစားဖြည့်လိုလျက်ရှိကာ ဂွမ်ဇူးအဲဗားဂရန်ဒီအသင်း တာဝန်ရှိသူများကမူ ပေါ်လင်ညိုအတွက် မည်သို့သော ကမ်းလှမ်းမှုမျိုးကိုဖြစ်စေ ၎င်းတို့အနေနှင့် ငြင်းဆန် ပယ်ချသွားမည်သာဖြစ်ကြောင်း အတိအလင်း ပြောကြားထားသည်။

ပေါ်လင်ညိုသည် ၂၀၁၅ ခုနှစ်တွင် စပါးမှနေ၍ ဂွမ်ဇူးအဲဗားဂရန်ဒီထံသို့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ကာ ဂွမ်ဇူးအဲဗားဂရန်ဒီထံတွင် ကစားသမားဘဝ ဖြတ်သန်းစဉ် ကာလအတွင်း ပြိုင်ပွဲ အရပ်ရပ်၌ ပွဲစဉ်ပေါင်း ၇၅ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ရာတွင် ပေါ်လင်ညိုက သွင်းဂိုး ၁၉ ဂိုး ရယူပေးထားနိုင်ပြီလည်းဖြစ်သည်။


  • VIA