News

POST TYPE

NEWS

မိုင်းတွမ်းတွင် လေပြင်းတိုက်၍ နေအိမ် ၆၀ ကျော် ပျက်စီး
24-Apr-2017
ကျိုင်းတုံ၊ ဧပြီ ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းတွမ်းမြို့တွင် ဧပြီလ ၂၃ ရက် မွန်းလွဲ ၂ နာရီခန့်က လေပြင်းတိုက်ခတ်၍ နေအိမ် ၆၀ ကျော် ပျက်စီးခဲ့ပြီး လူဦးရေ ၂၀၀ ကျော် လေဘေးသင့်ခဲ့ကြောင်း ယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းတွမ်းမြို့ အတွင်းရှိ ဖားမိုက်၊ ဟွေမော်၊ မယ်ကြုတ်နှင့် လွယ်ပါရင် (၂) ကျေးရွာတို့ရှိ လူနေအိမ် ၆၃ လုံး အမိုးလန်ခဲ့ရာ သွပ်အချပ်ရေ ၅၄၆၂ ချပ် ပျက်စီးဆုံးရှုံးခဲ့၍ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၀၉ သိန်းခန့် ရှိကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဧပြီလ ၂၃ ရက်နေ့က လေပြင်းတိုက်လို့ မိုင်းတွမ်းမြို့က ကျေးရွာတွေမှာ အိမ်ခြေ ၆၃ လုံး ပျက်စီးခဲ့သလို ဧပြီလ ၂၂ ရက်နေ့က လဲအခြားရွာမှာ လေပြင်းတိုက်လို့ စာသင်ကျောင်း၊ မီးသတ်ရုံး၊ ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်နှစ်လုံး ပျက်စီးတယ်တဲ့ သိရတယ်။ ကယ်ဆယ်ရေး ပစ္စည်းတွေ အပါအဝင် တစ်အိမ်ကို ကျပ်တစ်သိန်းနှုန်း ထောက်ပံ့ပေးဖို့ အခုသွားနေပါတယ်” ဟု ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဦးစီးဌာနမှူး ဦးမြင့်အောင်က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည့် ‘ဝ’ တောင်ပိုင်းအဖွဲ့ အခြေစိုက်ရာနေရာ အနီးရှိ မိုင်းတွမ်းမြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် မယ်ကြုတ်ကျေးရွာရှိ နေအိမ် ၃၅ လုံး၊ ဟွေမော်ကျေးရွာရှိ နေအိမ် ၁၁ လုံး၊ လွယ်ပါရင်ကျေးရွာရှိ နေအိမ် ၁၀ လုံးနှင့် ဖားမိုက်ကျေးရွာရှိ နေအိမ် ၇ လုံးပျက်စီးခဲ့ရာ လူဦးရေ ၂၀၆ ဦး လေဘေးသင့်ခဲ့၍ နီးစပ်ရာ ဆွေမျိုးများအိမ်၌ နေထိုင်နေရကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

R-16
ဓာတ်ပုံ - TDS