News

POST TYPE

NEWS

ပရက်စတန်ကို သရေကစားနိုင်ရုံဖြင့် ပရီးမီးယားလိဂ်သို့ နယူးကာဆယ် တိုက်ရိုက်တန်းတက်ရောက်ခွင့်ရမည်
24-Apr-2017
နယူးကာဆယ်၊ ဧပြီ ၂၃

နယူးကာဆယ်အသင်းသည် ယနေ့ (ဧပြီလ ၂၄ ရက်) မြန်မာစံတော်ချိန် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ကစားရမည့် ပရက်စတန်အသင်းနှင့် ချန်ပီယံရှစ်ပွဲစဉ်တွင် အနိမ့်ဆုံးအဖြစ် သရေတစ်မှတ် ရယူနိုင်ရုံမျှဖြင့် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ရောက်ခွင့်ကို ရယူနိုင်တော့မည် ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

နယူးကာဆယ်သည် လက်ရှိတွင် ချန်ပီယံရှစ် အမှတ်ပေးဇယား၏ ဒုတိယနေရာတွင် ရမှတ် ၈၅ မှတ်ဖြင့် ရပ်တည်နေပြီး အမှတ်ပေးဇယား၏ တတိယနေရာတွင် ရပ်တည်လျက်ရှိသော ရက်ဒင်းကို နယူးကာဆယ်က ရမှတ် ခြောက်မှတ်အထိ ဖြတ်ထားသည်။

ရက်ဒင်းသည် လွန်ခဲ့သည့် စနေနေ့က ယှဉ်ပြိုင်ကစားခဲ့သည့် နော်တင်ဟမ်နှင့် ပွဲစဉ်တွင် သုံးဂိုး နှစ်ဂိုးဖြင့် အရေးနိမ့်သွားခဲ့သည့်အတွက် ပရီးမီးယားလိဂ်သို့ တန်းတက်ရောက်ခွင့် ရနိုင်ရေးကို ရှုံးထွက်ယှဉ်ပြိုင်ခြင်းဖြင့်သာ ကြိုးပမ်းရတော့မည် ဖြစ်ပြီး သင်္ချာနည်းအရ တွက်ချက်ကြည့်မည် ဆိုပါကမူ နယူးကာဆယ်မှာ လက်ရှိအနေအထားဖြင့်ပင် ပရီးမီးယားလိဂ်သို့ တိုက်ရိုက်တန်းတက်ရောက်ခွင့် ရနိုင်ရန် သေချာနေပြီ ဖြစ်သည်။


ရက်ဒင်းသည် လက်ရှိတွင် ချန်ပီယံရှစ်၌ လက်ကျန်ပွဲစဉ်နှစ်ပွဲသာ ယှဉ်ပြိုင်ကစားရန် ကျန်ရှိတော့ပြီး နယူးကာဆယ်က လက်ကျန်ပွဲအားလုံးကို ရှုံးနိမ့်၍ ရက်ဒင်းက ယင်းပွဲစဉ်နှစ်ပွဲလုံးကို အနိုင်ရခဲ့မည် ဆိုပါက ၎င်းတို့နှစ်သင်း၏ အမှတ်ရရှိမှုမှာ ၈၅ မှတ်စီ တူညီသွားလိမ့်မည် ဖြစ်သည်။

နယူးကာဆယ်သည် လက်ရှိတွင် သွင်းဂိုးကွာဟချက် ပမာဏ +၃၇ ပိုင်ဆိုင်ထားပြီး ရက်ဒင်းမှာမူ သွင်းဂိုးကွာဟချက် ပမာဏ +၁ သာ ရရှိထားသည့်အတွက် လက်ကျန်ပွဲစဉ်များတွင် နယူးကာဆယ်က ဂိုးပြတ်ရလဒ်များဖြင့် ဆက်တိုက်ရှုံးနိမ့်ပြီး ရက်ဒင်းက ဂိုးပြတ်ရလဒ်များဖြင့် အနိုင်ယူနိုင်မှသာ နယူးကာဆယ်က တိုက်ရိုက်တန်းတက်ရောက်ခွင့်ဖြင့် ဝေးကွာသွားမည့် အခြေအနေ ဖြစ်နေသည်။

နယူးကာဆယ်သည် နောက်ဆုံး ယှဉ်ပြိုင်ကစားထားသည့် ချန်ပီယံရှစ်ပွဲစဉ် သုံးပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပြီး ယင်းပွဲစဉ်သုံးပွဲတွင် နယူးကာဆယ်က လိဒ်စ်ယူနိုက်တက်ကို တစ်ဂိုးစီ သရေကျခဲ့ကာ ရှက်ဖီးဝမ်းနက်စ်ဒေးကို နှစ်ဂိုးတစ်ဂိုးဖြင့် လည်းကောင်း၊ အစ်ဆွစ်ချ်တောင်းကို သုံးဂိုးတစ်ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။

နယူးကာဆယ်နှင့် ယနေ့ညတွင် ယှဉ်ပြိုင်ကစားမည့် ပရက်စတန်အသင်းသည်လည်း နောက်ဆုံး ယှဉ်ပြိုင်ကစားထားသည့် ချန်ပီယံရှစ် ပွဲစဉ်သုံးပွဲဆက်တိုက် ရှုံးပွဲကြုံထားကာ ယင်းပွဲစဉ်သုံးပွဲတွင် ပရက်စတန်က လိဒ်စ်ယူနိုက်တက်ကို သုံးဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ ဟတ်ဒါးစဖီးလ်ကို သုံးဂိုး နှစ်ဂိုးဖြင့် လည်းကောင်း၊ နောဝစ်ချ်ကို သုံးဂိုး တစ်ဂိုးဖြင့် လည်းကောင်း ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

နယူးကာဆယ်သည် လက်ရှိဘောလုံးရာသီတွင် အိမ်ကွင်း၌ ချန်ပီယံရှစ်ပွဲစဉ် ၂၁ ပွဲ ယှဉ်ပြိုင်ကစားထားပြီးြ ဖစ်ကာ ယင်းပွဲစဉ် ၂၁ ပွဲတွင် နယူးကာဆယ်က ၁၃ ပွဲနိုင်၊ သုံးပွဲသရေ၊ ငါးပွဲရှုံး၊ ရဂိုး ၄၂ ဂိုး၊ ပေးဂိုး ၂၂ ဂိုး ရလဒ်ကို ရယူနိုင်ခဲ့သည်။

နယူးကာဆယ်နှင့် ယှဉ်ပြိုင်မည့် ပရက်စတန်အသင်းသည် လက်ရှိဘောလုံးရာသီတွင် ချန်ပီယံရှစ် အဝေးကွင်းပွဲစဉ် ၂၁ ပွဲ ယှဉ်ပြိုင်ခဲ့ပြီး ဖြစ်ကာ ယင်းပွဲစဉ် ၂၁ ပွဲတွင် ပရက်စတန်က ငါးပွဲနိုင်၊ ရှစ်ပွဲသရေ၊ ရှစ်ပွဲရှုံး၊ ရဂိုး ၂၃ ဂိုး၊ ပေးဂိုး ၃၂ ဂိုးရလဒ်ကို ရှာဖွေရရှိထားသည်။

နယူးကာဆယ်နှင့် ပရက်စတန်တို့သည် လက်ရှိဘောလုံးရာသီတွင် ပရက်စတန်၏ အိမ်ကွင်း၌ ချန်ပီယံရှစ် ပထမကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားစဉ်တွင် နယူးကာဆယ်က နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး လိဂ်ဖလား ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်း အိမ်ကွင်း၌ ဆုံတွေ့ခဲ့စဉ်၌လည်း နယူးကာဆယ်က ပရက်စတန်ကို ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူနိုင်ခဲ့သည်။