News

POST TYPE

NEWS

ဥပဒေ အကြံပေးနှင့် ဒုရဲအုပ်တစ်ဦးကို အမှုဖွင့်
24-Apr-2017
တောင်ငူ၊ ဧပြီ ၂၃

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဥပဒေအရာရှိ တစ်ဦးနှင့် အမှတ် ၁ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးတို့ကို အမှုနှင့် ပတ်သက်ပြီး လာဘ်ငွေယူသည်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဧပြီလ ၂၂ ရက် မွန်းလွဲပိုင်းက အမှုဖွင့်လှစ်ခဲ့ကြောင်း ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) ရဲစခန်းမှူး ဒုရဲမှူး မြင့်ဌေးက ပြောကြားသည်။

၂၀၁၆ ခုနှစ်က  ဖြစ်ပွားခဲ့သော အမှုတစ်ခုတွင် ဥပဒေအကြံပေး ဦးစီးအရာရှိ တစ်ဦးနှင့် ဒုရဲအုပ်တစ်ဦးက ငွေတောင်းသည်ဟုဆိုကာ တရားခံ၏ မိသားစုက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့သဖြင့် ကော်မရှင်က စစ်ဆေးကာ ရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း၊ ဒုရဲအုပ်ကို  ဖမ်းဆီးထားပြီး ဥပဒေအရာရှိမှာ ခရိုင်ဥပဒေရုံးသို့ ပြောင်းရွှေ့တာဝန်ကျနေကြောင်း ၎င်းက ရှင်းပြသည်။

ဇမ္ဗူသီရိမြို့နယ် ဥပဒေရုံးမှ ဦးစီးအရာရှိ ဦးကျော်သူယျာဝင်းက ဇမ္ဗူသီရိမြို့နယ် မြို့မ အမှတ် (၁) ရဲစခန်းတွင် ၂၀၁၆ ခုနှစ်ခန့်က ပြစ်မှုပုဒ်မ ၄၂၀၊ ၄၆၈ အမှုဖြင့် စွပ်စွဲခံထားရသူ ဦးဖိုးလုံး၏ သမက်ဖြစ်သူထံမှ ကျပ်သိန်း ၂၀ ကို ဥပဒေအရာရှိတစ်ဦး၏ အခွင့်အာဏာကို သုံးစွဲကာ တောင်းယူခဲ့ကြောင်း၊ ယင်းအမှုတွဲ ကိုင်ဆောင်သည့် မြို့မ အမှတ် (၁) ရဲစခန်းမှ အမှုစစ် ရဲအရာရှိ ဒုရဲအုပ် ခင်မောင်ညိုက အမှုသည် မိသားစုဝင်များထံမှ ကျပ်ခြောက်သိန်းကိုးသောင်းကို အကြိမ်ကြိမ်ခွဲကာ ရယူတောင်းခံခဲ့သည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ အကြောင်းကြားစာအရ သိရသည်။

အမှုနှင့် ပတ်သက်၍ ဥပဒေအရာရှိ ဦးကျော်သူယျာဝင်းနှင့် ဒုရဲအုပ ်ခင်မောင်ညိုတို့ကို ဇမ္ဗူသီရိမြို့နယ် မြို့မအမှတ် ၁ ရဲစခန်းမှ (ပ) ၂၀၁/၂၀၁၇ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၂၀၁၃) ၅၆/၅၇ဖြင့် စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။ 

R-15