News

POST TYPE

NEWS

အမေရိကန် လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ရန် အသင့်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
24-Apr-2017
ပြုံယမ်း၊ ဧပြီ ၂၃

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် စစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန် ဂျပန်စစ်သင်္ဘောနှစ်စင်းက လာရောက်ပူးပေါင်းခဲ့ရာ မြောက်ကိုရီးယားက ၎င်း၏ စစ်အင်အားကို ပြသရန်အတွက် အဆိုပါ လေယာဉ်တင်သင်္ဘောကို နှစ်မြှုပ်ပစ်ရန် အဆင်သင့် ရှိနေပြီ ဖြစ်သည်ဟု တနင်္ဂနွေနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာခြင်းကို တုံ့ပြန်ရန်အတွက် အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန်ကို ကိုးရီးယားကျွန်းဆွယ် ကမ်းလွန်သို့ ခုတ်မောင်းရန် သမ္မတထရမ့်က ညွှန်ကြားထားသည်။

သင်္ဘောအုပ်စု၏ တည်နေရာကို အမေရိကန်ဘက်မှ တိကျစွာ ဖော်ပြခြင်း မပြုသော်လည်း ရက်ပိုင်းအတွင်း ဂျပန်ပင်လယ်သို့ ရောက်ရှိမည်ဟု ဒုသမ္မတ မိုက်ပင့်စ်က ပြောကြားထားသည်။

မြောက်ကိုရီးယားဘက်ကမူ အာခံနေဆဲဖြစ်ပြီး အမေရိကန် လေယာဉ်တင်သင်္ဘောကို တစ်ချက်တည်းဖြင့် နှစ်မြှုပ်ပစ်ရန် အဆင်သင့် ရှိသည်ဟု အစိုးရအာဘော်  ရိုဒွန်းဆင်မန်သတင်းစာက ရေးသားသည်။

မြောက်ကိုရီးယားသည် ၎င်း၏ ပြည်သူ့စစ်တပ် ဖွဲ့စည်းမှု ၈၅ နှစ်မြောက် အထိမ်းအမှတ်ကို အင်္ဂါနေ့တွင် ကျင်းပရန်  ပြင်ဆင်လျက်ရှိသည်။ 

ပြုံယမ်းသည် ယခင်တည်းက အရေးပါသော အထိမ်းအမှတ်နေ့များကို လက်နက်စမ်းသပ်မှုများဖြင့် ပြုလုပ်လေ့ရှိသည်။

မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှု ငါးကြိမ်နှင့် ဒုံးကျည် စမ်းသပ်မှု များစွာကို ပြီးခဲ့သော နှစ်များအတွင်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။


သမ္မတထရမ့်က မြောက်ကိုရီးယား၏ နျူကလီးယားဒုံးကျည် အန္တရာယ်ကို တားဆီးရန် ဆုံးဖြတ်ထားပြီး စစ်ရေးအရ အရေးယူခြင်း အပါအဝင် နည်းလမ်းအားလုံး စားပွဲပေါ်တွင် အဆင်သင့် ရှိသည်ဟု ပြောဆိုထားသည်။

မြောက်ကိုရီးယားက ၎င်း၏ နျူကလီးယား အစီအစဉ်သည် ကာကွယ်ရန် အတွက်သာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၏ ရန်စမှုမှန်သမျှကို နျူကလီးယား တိုက်ခိုက်မှုဖြင့် တုံ့ပြန်မည်ဟု ပြောကြားထားပြီး တောင်ကိုရီးယားနှင့် ဂျပန်ကိုလည်း တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ထားသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ကမူ ပြုံယမ်း၏ ကြေညာချက်များသည် ရန်စလှုံ့ဆော်နေခြင်း ဖြစ်သော်လည်း ယခင်ကတည်းက လေလုံးထွား ခြောက်လှန့်မှုများ ပြုလုပ်နေကြ ဖြစ်သောကြောင့် ယုံကြည်ဖို့မသင့်ဟု ပြောကြားသည်။

ဂျပန်နိုင်ငံ၏ ရေတပ်အင်အားပြမှုသည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဓာတုဒုံးကျည်အန္တရာယ်ကို စိုးရိမ်ကြောင်း ထင်ဟပ်နေသည်။ မြောက်ကိုရီးယား ဒုံးကျည်တပ်ဖွဲ့များကို လက်ဦးမှုရယူ တိုက်ခိုက်နိုင်မည့် လက်နက်များ စုဆောင်းထားရန် ဂျပန်အာဏာရပါတီ အမတ်များက ဝန်ကြီးချုပ် အာဘေးကို တိုက်တွန်းလျက်ရှိသည်။

ဖျက်သင်္ဘောအုပ်စု အဓိက ပါဝင်သည့် ဂျပန်ရေတပ်သည် အာရှတွင် တရုတ်ရေတပ်ပြီးလျှင် အကြီးဆုံးဖြစ်သည်။ ဂျပန်ရေတပ်က ၎င်း၏ စစ်သင်္ဘောနှစ်စင်း ပါဝင်မည့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် နေရာကို အတိအကျ ပြောကြားခြင်း မရှိသော်လည်း တနင်္ဂနွေနေ့တွင် ဂျပန်နိုင်ငံ၏  တောင်ဘက် ကီလိုမီတာ ၂၅၀၀ အကွာ ဖိလစ်ပိုင်အရှေ့ဘက် ရေပြင်သို့ ရောက်ရှိနိုင်ပြီး သုံးရက်အတွင်း ကိုရီးယားကမ်းလွန်သို့ ဝင်ရောက်နိုင်ဖွယ်ရှိသည်။

တောင်ကိုရီးယားကလည်း ၎င်း၏ တပ်ဖွဲ့များကို အမြင့်ဆုံး တပ်လှန့်မှု ပြုလုပ်ထားသည်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ် တရုတ်နိုင်ငံကမူ အေးအေးဆေးဆေး ညှိနှိုင်းဖြေရှင်းကြရန် တိုက်တွန်းလျက်ရှိသည်။ မြောက်ကိုရီးယားကို ထိန်းချုပ်ရေးတွင် တရုတ်နိုင်ငံက တိုးမြှင့်ပါဝင်လာခြင်း အတွက် သမ္မတထရမ့်က ကြာသပတေးနေ့တွင် ချီးကျူးပြောဆိုခဲ့သည်။

F-04