News

POST TYPE

NEWS

ညအချိန် တရားပွဲမှ ပြန်လာသည့် အမျိုးသမီး အဓမ္မပြုကျင့်ခံရ
24-Apr-2017
ရန်ကုန်၊ ဧပြီ ၂၃ 

လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာ အုပ်စုရှိ ရွာတစ်ရွာ တရားပွဲမှ ပြန်လာသည့် အသက် ၃၅ နှစ် အရွယ် အမျိုးသမီးတစ်ဦးကို အသက် ၂၄ နှစ် အရွယ်ရှိ အမျိုးသားက ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

လှည်းကူးမြို့နယ်၊ ဝါးရုံစွန်းကျေးရွာနေ ကိုအောင်ဆန်းဝင်းသည် တရားပွဲမှ ပြန်လာသော အမျိုးသမီးကို ဝါးရုံပင်ချုံတစ်ခုအတွင်း အတင်းအဓမ္မ ဆွဲခေါ်ကာ ‘မအော်နဲ့၊ အော်လျှင်သတ်ပစ်မည်’ ဟု ခြိမ်းခြောက်၍ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ပြစ်မှုကျူးလွန်တဲ့သူက အရက်သောက်ထားတယ်။ အမျိုးသမီးကို အဓမ္မမှု မကျူးလွန်ခင်မှာ မြင်သားကျေးရွာထဲက အမျိုးသမီးတစ်ဦးအိမ်ကို ကျူးကျော်ဝင်ရောက်သေးတယ်၊ အဲဒီအိမ်ရှင်အမျိုးသမီးက ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းလို့ ထွက်ပြေးသွားတာ၊ အမှုနှစ်ခုစလုံး ဖွင့်ထားပါတယ်၊ သူ့ကို ချက်ချင်းဖမ်းဆီးပြီး အရေးယူထားပါတယ်” ဟု လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟု ဆိုသော အမျိုးသားကို ဒါးပိန် နယ်မြေရဲစခန်းက (ပ) ၃၇/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် လည်းကောင်း၊ ညအချိန်မတော် နေအိမ်အတွင်း ကျူးကျော်ဝင်ရောက်မှုကြောင့် အိမ်ရှင်အမျိုးသမီး၏ အမှုဖွင့်တိုင်ကြားချက်အရ ယင်းမြို့မရဲစခန်းက (ပ) ၃၈/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၅၆ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူထားသည်။                  
J -16