News

POST TYPE

NEWS

Yangon Book Plaza တွင် စာအုပ်များ အခမဲ့ ငှားရမ်း ဖတ်ရှုနိုင်မည်
23-Apr-2017

ရန်ကုန်၊ ဧပြီ ၂၃

Yangon Book Plaza တွင် စာအုပ်များကို အခမဲ့ငှားရမ်းဖတ်ရှုနိုင်မည့် Rent,Read,Return ဆိုသည့် 3R အစီအစဉ် တစ်ရပ်ကို ဆောင်ရွက်ထားပြီး မည်သူမဆို စာအုပ်များကို ငှားရမ်းဖတ်ရှုနိုင်ကြောင်း Yangon Book Plaza ကို တည်ထောင်သူ စာရေးဆရာ မြေမှုန်လွင်က ပြောကြားသည်။

အဆိုပါ အစီအစဉ်အဖြစ် သြင်္ကန်ကာလအပြီး ပထမဆုံး အနေနှင့် ငါတို့ စာပေတိုက်ပိုင်မှ စာအုပ်များကို တစ်ပိုင် တစ်နိုင် စတင် ငှားရမ်းခဲ့ခြင်းဖြစ်ပြီး  နောက်ပိုင်း ကာလများတွင် စာအုပ်များ တို့ချဲ့ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပထမတစ်ကြိမ် စာအုပ်တစ်အုပ် ငှားသွားသူဟာ နောက်တစ်ခါ လာအပ်ရင် တစ်ကြိမ်ကို နှစ်အုပ် ငှားနိုင်ပါတယ်။ သုံးကြိမ်မြောက် လာအပ်ပြီးရင်တော့ တစ်ကြိမ်ကို ဆယ်အုပ်ထိ ငှားနိုင်ပါမယ်။ နောက်ပိုင်းမှာ စာကြည့်တိုက်တွေနဲ့ပေါင်းပြီးတော့ အင်္ဂလိပ်စာအုပ်တွေပါ တိုးငှားဖို့ ရှိပါတယ်”ဟု ကိုမြေမှုန်လွင်က ဆိုသည်။

စာအုပ်ငှားရမ်းသူသည် မှတ်ပုံတင် (သို့) လိုင်စင်(သို့) ကျောင်းသားကတ် တစ်ခုခု ပါရမည်ဖြစ်ပြီး ငှားရမ်းသူ၏ ဖေ့ဘွတ်အကောင့်ကို ပေးရမည်ဖြစ်ကာ လူတစ်ဦးလျှင် နှစ်သက်ရာ စာအုပ်တစ်အုပ်ကိုသာ ငှားရမ်းပေးမည် ဖြစ်ကြောင်း၊ ပြန်လည် အပ်နှံရန် သတ်မှတ်ထားသည့် ဆယ်ရက်ထက် နောက်ကျပါက တစ်ရက်လျှင် ၂၀ဝ ကျပ် ရက်ကျော်ကြေးပေးရမည် ဖြစ်သည်။

စာအုပ် အရောင်းဆိုင်များ၊ စာအုပ် အဟောင်းတန်းဆိုင်များအပြင် ကလေး ကစားကွင်း၊ ကော်ဖီဆိုင်၊ စားသောက်ဆိုင်နှင့် စာအုပ်မိတ်ဆက်ပွဲ ကျင်းပရာ နေရာများ ရှိသည့် အဆိုပါပလာဇာကို နံနက် ၉ နာရီမှ ၇ နာရီထိ ဖွင့်လှစ်ထားပြီး စာအုပ်များကိုလည်း ယင်းအချိန်အတွင်း စာအုပ် အငှားကောင်တာတွင်  ငှားရမ်းနိုင်သည်။

J-10


  • VIA