News

POST TYPE

NEWS

ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ပြီးမှသာလျှင် တရားမဝင် လောင်းကစား လုပ်ငန်းများကို တိုက်ဖျက်နိုင်မည်ဟုဆို
23-Apr-2017
ဘားအံ ၊ ဧပြီ ၂၃ 

တရားမဝင် လောင်းကစား လုပ်ငန်းများကို တားဆီး ထိန်းချုပ်ရာတွင် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ပြီးမှသာလျှင် တားဆီး ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကန်သာဦးခန်းမတွင် ကျင်းပသည့် DVB Debate ဆွေးနွေးပွဲတွင် ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင် ပြည်စိုးက ပြောကြားသည်။ 

“ဖက်ဒရယ် ပြည်ထောင်စုကို တိုင်းရင်းသားတွေ အားလုံး ရရှိပြီးလက်ခံနိုင်မှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပပျောက်ကောင်း ပပျောက် သွားလိမ့်မယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိနေသရွေ့ ဒီလောင်းကစား ပြဿနာက ရှိနေဦးမှာပဲ”ဟု ၎င်းက ထောက်ပြသည်။ 

ကရင်ပြည်နယ်ရှိ မြဝတီမြို့နှင့်၊ ရွှေကုက္ကိုကဲ့သို့သော နေရာများတွင် လက်နက်ကိုင် အဖွဲ့အစည်းများ အကာအကွယ်ဖြင့် ဖွင့်လှစ်ထားသော ကာစီနို လောင်းကစားရုံကြီးများ တည်ရှိပြီး မြို့နှင့် အနည်းငယ် အလှမ်းဝေးသော ကျေးရွာများတွင်လည်း ဘုန်းကြီးကျောင်း ရေစက်ချပွဲနှင့် အခြားရိုးရာ ပျော်ပွဲရွှင်ပွဲများတွင် အာဝါဒေးဟုခေါ်သော လောင်းကစားဝိုင်းများ တရားဝင်သဖွယ် ကျင်းပနေကြောင်း ဖလုံ စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောကြားသည်။

နယ်စပ်ဒေသများနှင့် ပြည်နယ်များတွင် ဒေသခံပြည်သူများ၏ အသိဉာဏ် ကြွယ်ဝမှုနည်းခြင်း၊ အလုပ်အကိုင် ရှားပါးခြင်း၊ နယ်မြေ တည်ငြိမ်မှု အားနည်းခြင်း တို့ကြောင့် လောင်းကစား လုပ်ငန်းများကို တရားဝင်ကဲ့သို့ ပြုလုပ်နေကြောင်း တက်ရောက်လာသူ အမျိုးသားတစ်ဦးက ပြောဆိုသည်။ 

“ကျွန်တော်နေတဲ့အိမ်ရဲ့ ဘေးမှာတင် အရက်ဆိုင်ရှိတယ်၊ အဲဒီမှာတင် နှစ်လုံး၊ သုံးလုံး အလွယ်တကူ ထိုးလို့ရတယ်၊ ပြည်သူတွေက အလုပ်အကိုင် ရရှိဖို့ အခွင့်အလမ်း အားနည်းတော့ အလွယ်ငွေ ရမယ့် နည်းလမ်းကို အားကိုးနေကြတယ်၊ ခုနောက်ပိုင်းမှာ ကလေးတွေကို လိမ္မာ ယဉ်ကျေးအောင်သင်မယ့် ဆရာ၊ ဆရာမတွေ ကိုယ်တိုင် နှစ်လုံး၊ သုံးလုံး ထိုးနေတာ တွေ့ရတယ်”ဟု ဘားအံမြို့ခံ ကိုဟိန်းရာဇာက ပြောကြားသည်။

လက်ရှိကာလတွင် မူလလက်ဟောင်း တရားမဝင် လောင်းကစားနည်းများဖြစ်သော ချဲ၊ နှလုံးထီ၊ ဘောလုံးပွဲ လောင်းခြင်း ကဲ့သို့ လောင်းကစားနည်းများအပြင် အကြွေစေ့ (ကော်ပြားစေ့ဝိုင်း) ထည့်ကစားရသော အီလက်ထရွန်နစ် လောင်းကစား နည်းများဖြစ်သည့် ပန်းသီးရထားလှည့် ကစားနည်း၊ ဘောလုံးပစ် ကစားနည်း၊ ငါးပစ် ကစားနည်းတို့လည်း တွင်ကျယ်လျက်ရှိရာ ထိုလောင်းကစားနည်းများကြောင့် အိမ်ပြုတ်၊ ကားပြုတ် ဘဝပျက်သွားသော သူများလည်း နိုင်ငံတစ်ဝန်းမှာ ဒုနဲ့ ဒေး ရှိနေသည်ဟု DVB Debate အဖွဲ့သားများ ဖြန့်ဝေသည့် လက်ကမ်းစာစောင်များအရ သိရသည်။

R-17


  • VIA