News

POST TYPE

NEWS

အလွတ်စုံထောက်ကုမ္ပဏီ လုပ်ငန်းလိုင်စင် ဆိုင်းငံ့ခံရ
23-Apr-2017
ရန်ကုန်၊ ဧပြီ ၂၃

အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီသည် အမည်ပြောင်းကာ ဧပြီလဆန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ လုပ်ငန်းလိုင်စင်လျှောက် ထားခဲ့သော်လည်း လိုင်စင်ပေးရန် ဆိုင်းငံ့ ခံရကြောင်း အဆိုပါကုမ္ပဏီထံမှ သိရသည်။

အဆိုပါကုမ္ပဏီသည် ယခုနှစ် ဧပြီလဆန်းက စည်ပင်သာယာရေး ကော်မတီသို့ လုပ်ငန်းလိုင်စင် တင်ပြရာတွင် မြန်မာ့ ပထမလုံခြုံရေးနှင့် ဥပဒေ အကျိုးဆောင် အဖွဲ့အမည် ပြောင်းလဲကာ ကုမ္ပဏီလုံခြုံရေး၊ လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးနှင့် ဥပဒေအကြံပေးရေး အပါအဝင် စုံစမ်း ထောက်လှမ်းရေးစသော လုပ်ငန်းများ ထည့်သွင်း လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“လာလျှောက်တဲ့ လုပ်ငန်းလိုင်စင်ကို ဆိုင်းငံ့ထားပေမယ့် ကုမ္ပဏီအနေနဲ့ ဆက်လက် လုပ်ကိုင်ချင်ရင် လုပ်ကိုင်ဖို့ ရနိုင်တဲ့ အခြေအနေ ရှိတယ်။ အဓိကတော့  လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေး စောင့်ရှောက်မှု လုပ်ငန်းသဘောမျိုးလည်း ပါတော့ ဆင့်ကဲတင်ပြရမယ့် အပိုင်းတွေ ရှိပါတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ လုပ်ငန်းအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံးခန်း အခြေစိုက်နိုင်သော မြို့နယ်ပေါင်း ၃၀ ခန့်တွင် အဖွဲ့ဝင်လူဦးရေ ၇၀ ခန့်နှင့် ချိတ်ဆက်ထားပြီး လုပ်ငန်းတွင် ပါဝင်မည့်အဖွဲ့ဝင်တို့ကို အမှုလိုက်ရာတွင် အဆင်ပြေစေရန် သင်တန်းများ ပေးနေကြောင်း အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီထံမှ သိရသည်။

“မြို့တော်စည်ပင်ဘက်က လိုင်စင်ပေးဖို့ ဆိုင်းငံ့ထားတယ် ပြောတယ်။ လောလောဆယ် လုပ်ငန်းအနေနဲ့ အရှိန်ရအောင် လည်ပတ်သွားမှ လိုင်စင်ပေး၊ မပေးကို ပြန်လည် စိစစ်ပေးမယ်လို့ အကြောင်းပြန်တယ်။ အဓိကတော့ အမှုအပ်သူလည်းကျဲတော့ လိုင်စင် ချမပေးချင်သေးတာလို့ ယူဆတယ်”ဟု အဆိုပါ ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးဌေးညွှန့်က ဆိုသည်။

အဆိုပါ ကုမ္ပဏီရုံးခန်းကို သန်လျင်မြို့နယ် အောင်ချမ်းသာကုန်း၊ အမှုထမ်း ရပ်ကွက် ဘောဂလမ်းတွင် ဧပြီလဆန်းက  ဖွင့်လှစ်ခဲ့ပြီး ယင်းလုပ်ငန်း ကုမ္ပဏီတွင်  တပ်မတော် ထောက်လှမ်းရေးဟောင်းများ၊ ရဲအရာရှိဟောင်းများနှင့် ဥပဒေ ကျွမ်းကျင်သည့် ပညာရှင်များ ပါဝင်သည်။

J-17


  • VIA