News

POST TYPE

NEWS

ရေပူဂိတ် အဖမ်းအဆီးကို သတင်းပေး၍ ငွေတောင်းနေသူများကို အရေးယူ
23-Apr-2017
လားရှိုး၊ ဧပြီ ၂၃

သိန်းနီရေပူ အမြဲတမ်း စစ်ဆေးရေး စခန်းအနီး တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်မောင်းများထံ စစ်ဆေးရေး ဝန်ထမ်းများ၏ ဖမ်းဆီးမှု အခြေအနေကို သတင်းပေး၍ ငွေတောင်းခံနေသူများကို ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း အဆိုပါ စစ်ဆေးရေး စခန်းတာဝန်ခံ အကောက်ခွန်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က ပြောကြားသည်။

အဆိုပါ စခန်းအနီး ဟာဆန်ဆိုသူသည် စစ်ဆေးရေးဝန်ထမ်းများ၏ အခြေအနေကိုစောင့်ကြည့်၍ တရားမဝင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များကို သတင်းပေးကာ ငွေတောင်းယူနေသည်ကို ကျပ်သုံးသိန်း ပေးခဲ့ရသည့် ကုန်တင်ယာဉ်မောင်းတစ်ဦး၏ ထွက်ဆိုချက်အရ သိရှိခဲ့ရပြီး ၎င်းကို ဥပဒေအရ အမှုဖွင့် အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။ 

“ဧပြီလ ၁၈ ရက်နေ့က ဟာဆန်ကို ကားဆရာ အချင်းချင်း မမှန်မကန် ငွေတောင်းဆိုမှုတွေ နောင်ကို မလုပ်ဖို့ ပညာပေးပြီး ခံဝန်ကတိပြုစေခဲ့တယ်။ ဒါပေမဲ့ ဧပြီ ၂၀ ရက်နေ့မှာ ဟာဆန်က ငွေ ၃ သိန်း တောင်းခံမှုကို ထပ်မံ ကျူးလွန်တာ”ဟု ၎င်းက ဆိုသည်။

ယင်းသို့ လုပ်ဆောင်မှုများသည် တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအပေါ် ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သည့်အတွက် အထင်အမြင် လွဲမှားမှုများဖြစ်ပေါ်လာနိုင်ကြောင်း ဦးတက်ထွန်းအောင်က ဆက်လက် ပြောဆိုသည်။ 

အလားတူ ရေပူစခန်းအနီး ကုန်တင်ယာဉ်မောင်း အချင်းချင်း ငွေတောင်းယူကာ သတင်းပေး လုပ်ကိုင်နေသူ ရှစ်ဦးကိုလည်း ဧပြီလ ၁၈ ရက်နေ့က ခေါ်ယူ သတိပေးခဲ့ကြောင်း အဆိုပါ စစ်ဆေးရေး စခန်းထံမှ သိရသည်။
 
“ရေပူဂိတ်မှာ အစစ်အဆေး မခံရအောင်လုပ်ပေးမယ်။ ကားတစ်စီးကို ငွေတစ်သိန်းခွဲနဲ့ နှစ်စီး သုံးသိန်းပေးဖို့တောင်းတယ်။ ကျွန်တော့်ကားပိုင်ရှင်က သဘော တူလိုက်တယ်။ ဒါပေမဲ့ ရေပူဂိတ် ဖြတ်သန်းလာပြီးတဲ့နောက်မှာ တာဝန်ရှိသူတွေက ဖမ်းလိုက်တာ”ဟု အဆိုပါ ယာဉ်မောင်းက ဆိုသည်။

သိန်းနီရေပူအမြဲတမ်း စစ်ဆေးရေးစခန်းကို ၁၉၈၉ ခုနှစ်တွင် တပ်မတော်က တာဝန်ယူ ဖွင့်လှစ်ခဲ့ပြီး ယင်းနောက်မှ နယ်စပ် ကုန်သွယ်ရေးသို့ လွှဲပြောင်း တာဝန် ယူစေခဲ့ကာ ၂၀၁၂ ခုနှစ်တွင် ပိတ်ထားခဲ့ရာမှ တရားမဝင် ကုန်စည်ထိန်းချုပ်ရန် ယခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့က ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

R-07


  • VIA