News

POST TYPE

NEWS

မေလတွင် တရုတ်သို့ ရေနံစပို့မည်
23-Apr-2017
ရန်ကုန်၊ ဧပြီ ၂၃

ရခိုင်ပြည်နယ် မဒေးကျွန်းဆိပ်ကမ်းရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းမှ ရေနံကို တရုတ်သို့ မေလတွင် စတင် ပို့လွှတ်မည်ဖြစ်ကြောင်း အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကုမ္ပဏီ SEAGP ထံမှ သိရသည်။

“ပိုက်လိုင်းကနေ ရေနံပို့လွှတ်တာကို စမ်းသပ်ထားပြီးသွားပြီ။ ဒါကြောင့် လုပ်ငန်းကို မေလမှာ စတင် လည်ပတ်မှာ ဖြစ်တယ်”ဟု SEAGP ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပိုက်လိုင်းအရှည်မှာ ၇၇၁ ကီလို မီတာရှိပြီး လုပ်ငန်းလည်ပတ်ရန် Station ငါးခု တည်ဆောက်ထားကာ အဆိုပါ ပိုက်လိုင်းမှ နှစ်စဉ် ရေနံတန်ချိန်  နှစ်ဆယ့်နှစ်သန်း ပို့လွှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအတွက် နှစ်စဉ် ရေနံတန်ချိန် နှစ်သန်းကို ထုတ်လုပ်ပေးမည်ဖြစ်ပြီး ကျန်ရေနံများကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်ကြောင်း SEAGP ထံမှ သိရသည်။

အဆိုပါ ပိုက်လိုင်း ကုမ္ပဏီအနေနှင့် မြန်မာနိုင်ငံမှ ရေနံတစ်တန် သယ်ယူပို့လွှတ်တိုင်း အမေရိကန် တစ်ဒေါ်လာ အခွန် ပေးဆောင်ရမည်ဖြစ်ပြီး လုပ်ငန်း လည်ပတ်မှု သဘောတူစာချုပ်နှင့် ပတ်သက်ပြီး ဖြေကြားရန် အတိအကျ မသိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လုပ်ငန်း လည်ပတ်ရန် မြန်မာ၊ တရုတ်၊ ကိုရီယား၊ အိန္ဒိယလေးနိုင်ငံမှ ကုမ္ပဏီ ခြောက်ခု အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး အစုရှယ်ယာရှင်များမှာ CNPC-SEAP (တရုတ်)၊ MOGE (မြန်မာ)၊ DAEWOO International (ကိုရီးယား)၊ KOGAS, ONGC Caspian E & P B.V, GAIL ကုမ္ပဏီများ ဖြစ်သည်။

တရုတ်၊ အိန္ဒိယနှင့် ကိုးရီယားနိုင်ငံမှ ရေနံကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်နေသော မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို၂၀၁၃ ခုနှစ်က စတင် လည်ပတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မတ်လ ၂၄ ရက်အထိ လေးနှစ်အတွင်း သဘာဝဓာတ်ငွေ့ ၁၄ ဒသမ ၇၇ ဘီလီယံ ထုတ်ယူခဲ့သည်အနက် ၂၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသို့ ခွဲဝေပေးခဲ့ကြောင်း SEAGP ကုမ္ပဏီထံမှ သိရသည်။

မြန်မာ-တရုတ်ပိုက်လိုင်း လည်ပတ်ရန် ဦးဆောင် ကုမ္ပဏီဖြစ်သည့် တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီ CNPC နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာနတို့ နှစ် ၃၀ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၁၃ ခုနှစ်၊ ဇူလိုင်လမှစ၍ လုပ်ငန်း စတင် လည်ပတ်ခဲ့သည်။

အဆိုပါ ပိုက်လိုင်းစီမံကိန်းသည် သဘာဝ ဓာတ်ငွေနှင့်ရေနံတို့ကို ပိုက်လိုင်း နှစ်ခု ပူးတွဲကာ တရုတ်နိုင်ငံသို့ တင်ပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အနေနှင့် ရေနံစိမ်း တင်ပို့မှုကို မလ္လကာရေလက်ကြားနှင့် တောင်တရုတ်ပင်လယ်တို့ကို ရှောင်ကွင်းကာ မြန်မာနိုင်ငံကိုဖြတ်၍ တင်ပို့ရန် စီစဉ်ထားခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှာ အသုံးပြုနေပြီဖြစ်သည်။

ယခုနှစ်ဧပြီလ ၆ ရက်က သွားရောက်ခဲ့သော မြန်မာသမ္မတ ဦးထင်ကျော်၏ တရုတ်ခရီးစဉ်အတွင်း တရုတ်-မြန်မာ ရေနံစိမ်းပိုက်လိုင်းပို့ရန် သဘောတူညီချက်ကို နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်များ ရှေ့၌ ဧပြီလ ၁၀ ရက် ညနေပိုင်းက လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာ ဈေးကွက်မှ ဝယ်ယူလာသည့် ရေနံစိမ်းတန်ချိန် ၁၄၀ဝဝဝ တင်ဆောင်ထားသော “Suezmax” အမည်ရှိ ရေနံတင် သင်္ဘောပေါ်မှ ရေနံစိမ်းများကို မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် မဒေးကျွန်းရှိ ရေနံဆိပ်ကမ်းမှတစ်ဆင့် ပိုက်လိုင်းအတိုင်း စတင် စမ်းသပ်ပို့လွှတ်ခဲ့သည်။

၂၀၁၁ ခုနှစ်က စတင် တည်ဆောက်ခဲ့သော မဒေးကျွန်း ရေနံဆိပ်ကမ်းသည် ၂၀၁၅ ခုနှစ်၊ ဇန်နဝါလ ၃၀ ရက်က ပြီးစီးခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ခေတ်မီ နိုင်ငံတကာ ရေနံဆိပ်ကမ်းကြီး တစ်ခုဖြစ်သည့်အပြင် တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် အရေးကြီးသော ပြတင်းပေါက်တစ်ခု ဖြစ်သည်။

အဆိုပါ ပိုက်လိုင်းသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းကို ဖြတ်သန်းသွားသည်။

J-06


  • VIA