News

POST TYPE

NEWS

ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ယနေ့ တွေ့မည်
23-Apr-2017

ရန်ကုန်၊ ဧပြီ ၂၃

၂၁ ရာစု ပင်လုံညီလာခံ ဆက်လက် ကျင်းပရေး အပါအဝင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆွေးနွေးရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ထိပ်သီးခေါင်းဆောင်အချို့နှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှ ခေါင်းဆောင်များ နေပြည်တော်တွင် ယနေ့ (ဧပြီလ ၂၄ ရက်တွင်) တွေ့ဆုံမည်ဖြစ်ကြောင်း နှစ်ဖက် ခေါင်းဆောင်များထံမှ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို ဧပြီလ ၂၄ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြုသည်။

“၂၁ ရာစု ပင်လုံညီလာခံ နောက်ထပ် ကျင်းပမယ့်ရက်ကိုလည်း အဲ့ဒီမှာ ဆွေးနွေးပါမယ်”ဟု ၎င်းက ဆိုသည်။

JICM အစည်းအဝေးသို့ တပ်မတော်မှ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်၍ ထိပ်သီးခေါင်းဆောင်များ ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း The Voice က စုံစမ်း သိရှိရသည်။ သို့သော် တပ်မတော်ထံမှ သီးခြား အတည်ပြုချက် မရရှိပါ။

ယင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောကြားသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးထံမှ သိရသည်။

အစည်းအဝေး တက်ရောက်ရန်အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး အပါအဝင် NCA စာချုပ် လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များလည်း နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်သည်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်ကို နေပြည်တော်တွင် မေလ ၁၉ ရက်၌ စတင် ကျင်းပရန် အစိုးရက လျာထားပြီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက သဘောတူညီလျှင် ယင်းနေ့ရက်အတိုင်း အစည်းအဝေး ပြုလုပ်နိုင်မည်ဖြစ်ကြောင်း နှစ်ဘက် ခေါင်းဆောင်များထံမှ ထပ်မံ သိရှိရသည်။

JICM အစည်းအဝေးမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အကောင်အထည်ဖော်ရေးဆိုင်ရာ အဆင့်မြင့်ဆုံး အစည်းအဝေးတစ်ရပ်ဖြစ်ပြီး ယင်းအစည်းအဝေးမှတစ်ဆင့် ငြိမ်းချမ်းရေး ညီလာခံနှင့် အပစ်အခတ် ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ လုပ်ငန်းစဉ်များကို ကြီးကြပ်ရသည်။

JICM အစည်းအဝေးကို ၂၁ ရာစု ပင်လုံညီလာခံ ပထမအကြိမ် မကျင်းပမီက တစ်ကြိမ် ပြုလုပ်ခဲ့ဖူးပြီး ယင်းအစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်သဖြင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်အချို့က နောက်ထပ် JICM အစည်းအဝေးများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ရန် တောင်းဆိုခဲ့ဖူးသည်။

W-1


  • VIA