News

POST TYPE

NEWS

ဂျော်ဂျီယာနိုင်ငံသား နှစ်ဦး၏ အတွင်းခံဘောင်းဘီ အတွင်းမှ ကန်ဒေါ်လာကိုးသောင်း သိမ်းဆည်းရမိ
21-Apr-2017 tagged as

ရန်ကုန်၊ ဧပြီ ၂၁

ရန်ကုန်မြို့တော် ကျောက်တံတားမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်ရှိ Pacific Money Changer မှ ငွေများလိမ်လည်ထွက်ပြေးသွားသည့် ဂျော်ဂျီယာနိုင်ငံသား နှစ်ဦးကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့၏ အတွင်းခံဘောင်းဘီ အတွင်းမှ အမေရိကန်ဒေါ်လာ ကိုးသောင်းကို သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဒေါ်လာငွေ ကိုးသောင်းကို လိမ်လည်သွားသည့် ဂျော်ဂျီယာနိုင်ငံသား နှစ်ဦးမှာ အသက် ၆၄ နှစ်အရွယ် 
Mr. JANJGAVA REVAZ နှင့် အသက် ၅၁ နှစ်အရွယ် Mr.NARMANIA MALKHAZ တို့ဖြစ်ပြီး ဧပြီလ ၂၀ ရက် မွန်းလွဲပိုင်းက Pacific Money Changer သို့ ရောက်လာကာ အမေရိကန်ဒေါ်လာ ကိုးသောင်း ဝယ်ယူလိုကြောင်း ပြောဆိုသဖြင့် ဆိုင်ရှင်အမျိုးသားက တစ်ဒေါ်လာလျှင် မြန်မာငွေကျပ် ၁၃၅၀ နှုန်းဖြင့် ပြန်လည်ရောင်းချပေးခဲ့ရာ ၎င်းတို့မှ ပါလာသည့် သေတ္တာအတွင်း ထည့်ကာ မြန်မာငွေကျပ် သွားရောက်ယူဆောင်မည်ဟု ပြောဆိုကာ ထွက်သွားခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဒေါ်လာ ငွေ ၁၀ဝ တန်အရွက် သုံးရာစီ သုံးထုပ်ခွဲထုပ်၊ ပါလာတဲ့ လက်ကိုင်သေတ္တာထဲထည့်ပြီး မြန်မာငွေ သွားယူဦးမယ်လို့ အပြင်ထွက်သွားတာ။ ကြာလာတော့ မသင်္ကာတာနဲ့ ဆိုင်ရှင်က အိတ်ကို ဖွင့်ကြည့်တဲ့အချိန်ကျမှ လိမ်လည်ခံရတယ် ဆိုတာသိရတာ။ ငွေသုံးထုပ်ကလည်း သူတို့ ထုပ်ထားတဲ့ ပုံစံအတိုင်းပဲ။ ဒါပေမဲ့ ဒေါ်လာတစ်ရာတန်အောက်မှာ တစ်ဒေါ်လာအရွက်တွေ ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဒေါ်လာငွေများကို လိမ်လည်သည့် ဂျော်ဂျီယာနိုင်ငံသား နှစ်ဦးမှာ ကမ္ဘာလှည့် ခရီးသွားဗီဇာ ကိုင်ဆောင်ထားသူများဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ဧပြီလ ၈ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ နေထိုင်ခွင့် သက်တမ်းရရှိထားသူများ ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးကို ဧပြီလ ၂၀ ရက်ည ၁ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တွေ့ရှိဖမ်းဆီးစစ်ဆေးခဲ့ရာ အတွင်းခံဘောင်းဘီ အတွင်းမှ ပြန်လည်တွေ့ရှိ သိမ်းဆည်းနိုင်ခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“သူတို့ကို အမှုဖွင့်တဲ့ အချိန်ကနေစပြီး ဆိုင်မှာရှိတဲ့ CCTV မှတ်တမ်းကို စစ်တယ်။ ပြီးတော့ ရတဲ့အချက်အလက်တွေကို လေဆိပ်ပို့တယ်၊ နယ်စပ်ထွက်ပေါက်တွေရောပေါ့။ ပြီးတော့ တည်းခိုနိုင်မယ့် တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်တွေကို အဖွဲ့ခွဲပြီးလိုက်ရှာတာပေါ့။ အဲဒီအချိန်မှာ သူတို့နဲ့ ပုံသဏ္ဌာန်တူတဲ့ နှစ်ယောက် လေဆိပ်မှာ တွေ့တာနဲ့ ထိန်းသိမ်းစစ်ဆေးခဲ့တာ။ သူတို့ဆီ ပါသွားတဲ့ ဒေါ်လာကိုးသောင်းလုံး ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပါတယ်” ဟု ကျောက်တံတား မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒေါ်လာငွေကိုးသောင်းကို လိမ်လည်ခဲ့သည့် အမျိုးသားနှစ်ဦးကို ကျောက်တံတား မြို့မရဲစခန်းမှ (ပ) ၁၅၀/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး  ဧပြီလ ၂၁ ရက် မွန်းလွဲပိုင်းက ယင်းမြို့နယ်တရားရုံးတွင် ရုံးထုတ်တရားစွဲဆိုခဲ့ရာ ရာကြီးအမှတ် ၁၂၂/၁၇ ဖြင့် လက်ခံဆောင်ရွက်ထားကြောင်း၊ အမှုအား ဆက်လက်စစ်ဆေးနိုင်ရန် မေလ ၄ ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။ 

J 16

  • TAGS