News

POST TYPE

NEWS

‘ဝ’ ဦးဆောင်သည့် မြောက်ပိုင်းလက်နက်ကိုင် (၇) ဖွဲ့ သဘောထား အစိုးရ မသိရသေးဟုဆို
ရန်ကုန်၊ ဧပြီ ၂၁

‘ဝ’ ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ သဘောထားကို အစိုးရက ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း နိုင်ငံတော်အတိုင်ပင်ခုံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသည်။

‘ဝ’၊ မိုင်းလား၊ ကိုးကန့်၊ KIA၊ SSPP၊ TNLA နှင့် AA တို့ ပါဝင်သော လက်နက်ကိုင် ညီလာခံကို ပန်ခမ်းမြို့တွင် ပြုလုပ်ခဲ့ပြီး အစိုးရနှင့် ဆက်ဆွေးနွေးမည့် ငြိမ်းချမ်းရေး ပုံစံသစ်ကို ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်သော်လည်း အစိုးရက ယင်းပုံစံကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ဦးဇော်ဌေးက ရှင်းပြသည်။

“အထွေထွေမူဝါဒနဲ့ ရပ်တည်ချက်ဆိုတဲ့ စာတမ်းကို အစိုးရဆီပို့မယ် ပြောတယ်။ ဒီစာတမ်း မရောက်သေးတဲ့အတွက် သူတို့ရပ်တည်ချက် ဘာဆိုတာ မသိရသေးပါဘူး” ဟု ဦးဇော်ဌေးက ဆိုသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ ဟူသော အဖွဲ့သစ်တစ်ခု ဖွဲ့၍ အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ယင်းကော်မတီဝင် လက်နက်ကိုင် အဖွဲ့အစည်းများ အနေနှင့် အစိုးရနှင့် တစ်ဖွဲ့ချင်း ဆွေးနွေးမည် မဟုတ်ကြောင်း ပန်ခမ်းကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် ယင်းကော်မတီတွင် ပါဝင်သော KIA နှင့် SSPP တို့မှာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင်လည်း ပါဝင်နေပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရန် အစိုးရနှင့် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း UNFC က လတ်တလော ပြောဆိုထားသည်။