News

POST TYPE

NEWS

မဘသအဖွဲ့ ဒုတိယမြောက် ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်ရန် ပြင်ဆင်
21-Apr-2017 tagged as မဘသ

ရန်ကုန်၊ ဧပြီ ၂၀

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မ.ဘ.သ) ၏ ဒုတိယမြောက် ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းကို မန္တလေးမြို့တွင် ဆောက်လုပ်ရန် ပြင်ဆင်နေကြောင်း မ.ဘ.သအဖွဲ့ထံမှ သိရသည်။

အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်လုပ်ရန် မန္တလေး-ပြင်ဦးလွင် ကားလမ်းမ ၁၆ မိုင် အနီးရှိ မြေနေရာ၌ တည်ဆောက်ရန် ဧပြီလ ၁၉ ရက်၌ မြေသန့်မင်္ဂလာ ပြုလုပ်ထားကြောင်း မ.ဘ.သအဖွဲ့ (အထက်မြန်မာပြည်) မှ သိရသည်။

မန္တလေးတိုင်းဒေသကြီး မ.ဘ.သ အဖွဲ့ (အထက်မြန်မာပြည်) မှ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းဟု အမည်ပေးထားသည့် အဆိုပါ ကိုယ်ပိုင်အထက်တန်းကျောင်း ဆောက်လုပ်ရန် အလှူငွေ ကျပ်သန်း ၁၅၀၀ ခန့် ရရှိထားပြီး ဖြစ်ကြောင်း မစိုးရိမ်တိုက်မကြီး နာယက ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသ ဆရာတော်က မိန့်ကြားသည်။

“အထက်မြန်မာပြည်အတွက် ကျောင်းတစ်ကျောင်း လိုအပ်တယ်။ ရန်ကုန်အတွက်က ကျောင်းဖွင့်ထားပြီး ဖြစ်တယ်။ အခုကျောင်းအတွက် အလှူငွေ ကျပ်သိန်း ၁၅၀၀ လောက် ရနေပြီ” ဟု ဆရာတော် ဦးဣန္ဒာစက္ကာဘိဝံသက မိန့်သည်။

လာရောက်၍ တက်ရောက်မည့် ကျောင်းသား/သူများအတွက် ပညာဒါန အခမဲ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။

မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းကို မြေဧက (၁.၅၀) ဧက ပေါ်တွင် တည်ဆောက်ရန် လျာထားပြီး ၂၀၁၈ ခုနှစ်အတွင်း အပြီးတည်ဆောက်ရန် လျာထားကြောင်း မ.ဘ.သအဖွဲ့ (အထက်မြန်မာပြည်) မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူး မြို့နယ်တွင် မ.ဘ.သ အဖွဲ့၏ ကိုယ်ပိုင်အထက်တန်းကျောင်းကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူဦးရေ တစ်ရာ့ငါးဆယ်ခန့် သင်ကြားလျက်ရှိကြောင်း မ.ဘ.သ အဖွဲ့ထံမှ သိရသည်။

J-07